မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရား ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဒေးလီးမေလ်းသတင်းက ဖော်ပြပါတယ်။

စနေနေ့တုန်းက ခံစစ်မှူးကို ဗီလာအသင်းရဲ့ Bodymoor Heath လေ့ကျင့်ရေးကွင်း အနားမှာ တွေ့ခဲ့တာပါ။ ဒါကြောင့်ပဲ ယူနိုက်တက်မှာ နေရာမရတော့တဲ့ အင်္ဂလန်သားဟာ အိုးထရတ်ဖိုဒ့်ကို စွန့်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို မရှိတော့တဲ့နောက် ကလပ် အတွင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာမျိုး နောက်တစ်ကြိမ် ထပ်မပေါ်ဖို့အတွက် လုပ်ခပိုင်း ကွာဟချက်ကို ကန့်သတ်တဲ့ စည်းမျဉ်းတစ်ခုကို မိတ်ဆက်ဖို့ ယူနိုက်တက် တာဝန်ရှိသူတွေ ပြင်ဆင် ထားခဲ့တယ်။ ဒါပေမယ့် မက်ဂွဲရားရဲ့ လုပ်ခက ဖြေရှင်းရမယ့် ကိစ္စထဲ မပါဝင်သေးပါဘူး။

ပွဲထွက်လူစာရင်းကနေ ဖယ်ထုတ်ခံထားရပေမယ့် မက်ဂွဲရားရဲ့ ယူနိုက်တက် အနာဂတ် ပျောက်ဆုံးသွားရလောက်တဲ့ ဖိအားမျိုးတွေ မရှိသေးပါဘူး။ သူ့ကို ဗီလာကွင်းဘက်မှာ တွေ့ရခြင်းဟာ အပြောင်းအရွှေ့ စကားပြောနေတာ မဟုတ်ဘဲ အဲ့အနားက The Belfry ကွင်းမှာ ဂေါ့ဖ် သွားရိုက်ခဲ့တာလို့ ဒေးလီးမေလ်းက ဆိုပါတယ်။

ကုန်ခဲ့တဲ့ ၁၈ လအတွင်း ကလပ်မှာ ဆိုးရွားတဲ့ ခြေစွမ်းတွေ ပြသခဲ့ပေမယ့် သူဟာ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ရာသီကုန်ထိ ယူနိုက်တက်ဘက်က မက်ဂွဲရားကို ဆက်ထိန်းထားဦးမှာ ဖြစ်ပါတယ်။

ဗာရန်းနဲ့ မာတီနက်စ်တို့ အတွဲညီနေတဲ့ ဗဟိုခံစစ်မှာ မက်ဂွဲရားက ခပ်လွယ်လွယ် နေရာ ပြန်ရဖို့က မလွယ်ကူတော့ပါဘူး။ သိုပေမယ့် ယူနိုက်တက်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄ ခုမှာ ပါဝင်နေရတာမို့ မက်ဂွဲရားကို တတိယ ဦးစားပေး ခံစစ်မှူးအဖြစ် ဆက်သုံးသွားဖို့ ရှိနေပါသေးတယ်။