ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားတဲ့ ကာတာ ရင်းနှီးမြုပ်နှံသူတွေဟာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အားကစား ကွန်ယက်ကို တိုးချဲ့ဖို့ ရည်ရွယ်လာခဲ့ပြီး စပါးအသင်းဘက် ဦးလှည့်လာခဲ့ပြီ ဖြစ်ပါတယ်။

တယ်လီဂရပ် သတင်းဌာနက ဖော်ပြရာမှာ အင်္ဂလန်ပြည်တွင်း လွှမ်းမိုးမှု အကြီးမားဆုံး ဘောလုံးအကြီးအကဲဖြစ်သူ Daniel Levy ဟာ ပီအက်စ်ဂျီ ဥက္ကဋ္ဌ အယ်ခါလိုင်ဖီ နဲ့ ဆွေးနွေးမှုကို အရင်အပတ်က ပြုလုပ်ခဲ့ပါတယ်။

ကာတာ ရင်းနှီးမြုပ်နှံသူတွေဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ အသေးစား ရှယ်ယာရှင်တွေ ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စပါးအသင်း ရှယ်ယာရဲ့ ၂၅% ကို ပေါင် ၁ ဘီလျံ တန်ကြေး သတ်မှတ်ကာ ဝယ်ယူဖို့ဖြစ်ပြီး ကလပ်နှစ်သင်း တာဝန်ရှိသူတွေကြား စကားပြောမှုဟာ ရလဒ်ကောင်း တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် စကားပြောမှု အောင်မြင် အဆင်ချောခဲ့ပြီ ဒါမှမဟုတ် သဘောတူညီမှုရပြီလို့ ပြောဖို့ကတော့ သိပ်ကို စောလွန်းနေပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက် ကိုယ်စားလှယ်တွေကလည်း သူတို့အသင်းထံ ရင်းနှီးမြုပ်နှံမှု ဝင်ဖို့ ကာတာဘက်ကို သွေးတိုးစမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ လက်တလော အခြေအနေမှာ စပါးကပဲ ကာတာအဖွဲ့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကလပ်ဖြစ်တယ်လို့ သိရပါတယ်။

တကယ်တမ်းမှာ ကာတာအဖွဲ့အတွက် လီဗာပူးနဲ့ ယူနိုက်တက်တို့ထံ ရင်းနှီးမြုပ်နှံမှု ဝင်လိုက်တာက ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့မှာပါ။ ဒါပေမယ့်လို့ ကာတာအဖွဲ့ဟာ သူတို့ရဲ့ ပီအက်စ်ဂျီအသင်း ပိုင်ရှင်အဖွဲ့ဆိုတဲ့ ရပ်တည်ချက်ကို မထိခိုက်စေဖို့ အင်္ဂလန် ထိပ်သီး နှစ်သင်းကိုတော့ ငြင်းဆန်မှာဖြစ်ပါတယ်။

ကာတာအဖွဲ့ဟာ သူတို့နဲ့အပြိုင် UAE အဖွဲ့က မန်စီးတီးကို ဦးတည်ပြီး တည်ဆောက်ထားတဲ့ စီးတီးဘောလုံး အဖွဲ့နည်းတူ အဖွဲ့တစ်ခု တည်ဆောက်လိုခြင်းဖြစ်ကာ ပီအက်စ်ဂျီရဲ့ ရှယ်ယာ ၁၀၀% အပြင် ပေါ်တူဂီကလပ် ဘရာဂါရဲ့ ရှယ်ယာ ၂၀% ကျော်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။