မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ အန်တိုနီ၊ ကာဆီမီရို၊ လီဆန်ဒရို မာတီနက်ဇ်၊ တိုင်ရယ် မာလာစီယာတို့ကို ပေါင်သန်း ၂၂၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့ပါတယ်။

ဒီကစားသမားတွေဟာ နည်းပြတန်ဟက်ရဲ့ ကနဦး ကာလတွေအတွက် များစွာ အကျိုးဖြစ်ခဲ့ပြီး အခုဆိုရင် ယူနိုက်တက် ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းအဖြစ် ရှုမြင်ခံနေရပြီ ဖြစ်ပါတယ်။

အသုံးစရိတ် လျော့ချလိုတဲ့ ယူနိုက်တက် အကြီးအကဲတွေက ဇန်နဝါရီမှာ လူသစ် ဝယ်ယူဖို့ လုပ်ဆောင်ပေးမှာ မဟုတ်ဘဲ နည်းပြတန်ဟက် အလိုရှိရင် အငှားဖြင့် ခေါ်ယူခွင့်တွေအတွက်ပဲ ကြိုးစားပေးမှာဖြစ်ပါတယ်။ မန်ချက်စတာ ကလပ်ရဲ့ နောက်ထပ် အဓိက ခေါ်ယူမှုကြီးကိုတော့ ၂၀၂၃ နွေမှာ မြင်ရမှာ ဖြစ်ပါတယ်။

တယ်လီဂရပ်ကနေ သတင်းထောက် James Ducker ဖော်ပြရာမှာ ဒီရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့အတွက် နည်းပြတန်ဟက်က ကြိုးစားပေးရမှာပါ။ နွေမှာတော့ ကစားသမား ရောင်းချမှု အနည်းငယ် ပြုလုပ်ကာ တန်ဟက် အလိုရှိတဲ့အတိုင်း တိုက်စစ်မှူးနဲ့ ကွင်းလယ်လူကို ခေါ်ယူပေးမှာ ဖြစ်ပါတယ်။

ကလပ်ကို အရောင်းစာရင်း တင်ထားတဲ့ ကိစ္စ မပြီးပြတ်ရင်တောင် တန်ဟက်ဟာ သူအလိုရှိတဲ့ ကစားသမား နှစ်ဦးကို ရရှိမှာ ဖြစ်ပါတယ်။

တန်ဟက် က တိုက်စစ်အတွက် ဟယ်ရီကိန်း၊ ဆစ်ကိုနဲ့ အိုစစ်ဟမ်တို့ကို ချိန်ရွယ်ထားပြီး ကွင်းလယ်အတွက်တော့ ဒီဂျောင်းနဲ့ ဘယ်လင်ဟမ်တို့ကို ပစ်မှတ်ထားနေတယ်လို့ Ducker က ဖော်ပြခဲ့တယ်။

မကြာခင်မှာ ပိုင်ရှင်အပြောင်းအလဲ ဖြစ်လာခဲ့ရင် အသုံးစရိတ်နဲ့ ပတ်သက်ပြီး ကွာခြားမှုတွေ ရှိလာနိုင်ပြီး ရာသီကုန်လို့ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တော့ ကစားသမား ရောင်းချခြင်းကနေ ငွေကြေး ပိုမို ရှာဖွေရမယ်လို့ သိရတာ ဖြစ်ပါတယ်။