မန်ချက်စတာဒါဘီကို အရေးနိမ့်အပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာက အိုးထရတ်ဖိုဒ့် ကွင်းမှာမို့ ယူနိုက်တက်တို့ အသာရခဲ့တာလို့ လှောင်ပြောင်ခဲ့ပါတယ်။

ပွဲအပြီး ဂွာဒီယိုလာကို ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး အကြောင်း အဓိက မေးခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ဂုဏ်ပြုစကား ပြောဆိုခဲ့ရင်းမှာပဲ ဂွာဒီယိုလာက ဘောလုံး စည်းမျဉ်းတွေကို နားမလည်နိုင်ဟန် ရှိနေကာ ဒါက အိုးထရတ်ဖိုဒ့်လေ ဆိုတဲ့ စကားမျိုး ထွက်လာခဲ့ပါသေးတယ်။

ဂွာဒီယိုလာက ‘ ရက်ဖိုဒ့်က လူကျွံတယ်၊ ဘရူနိုက မကျွံဘူး။ ဒီဂိုးမှာ ရက်ဖိုဒ် ပါဝင် ပတ်သက်ခဲ့လား မပတ်သက်ခဲ့ဘူးလား? ကျနော်တို့ ဂိုးသမားကို အာရုံလွဲပြီး ခံစစ်သမားတွေကို အာရုံလွဲခံလိုက်ရတာလား? စည်းမျဉ်းက ဘာလဲ။

ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာ ကျနော်တို့ လာကစားနေရလဲဆိုတာ သိပါတယ် ’ လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီပွဲ မိနစ် ၉၀ ပြည့်လို့ နှစ်သင်း ဥမင်ထဲ ဝင်ချိန်မှာ နှစ်သင်း အသင်းသားတွေ ထိပ်တိုက်တွေ့ခဲ့ကြသေးတယ်လို့ သိရပြီး ရက်ဖိုဒ့်ရဲ့ လူကျွံဖြစ်ရပ်ဟာ အတော်လေး လူပြောများနေခဲ့တာ ဖြစ်ပါတယ်။