အေဂျက်အသင်းရဲ့ အသင်းခေါင်းဆောင် ဒီလစ်ဟာ လက်ရှိအချိန်မှာ ဥရောပထိပ်သီးအသင်းတွေရဲ့ အသည်းအသန် ခေါ်ယူလိုခြင်း ခံနေရတဲ့ ကစားသမားပါ။

အေဂျက်အသင်းကို အမှတ်ပေးဖလား ရယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ဖို့ ကူညီနိုင်ခဲ့တဲ့နောက် သူဟာ ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဥရောပအသင်းကြီးတွေ သူ့ကို ခေါ်ယူနိုင်ဖို့ ငွေကြေးအမြောက်အမြား အသုံးပြုပြီး ကြိုးစားနေကြတာပါ။

သူ့ကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေကြသူတွေမှာ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ထိပ်ဆုံးက ပါဝင်နေသူတွေပါ။ ဒါ့အပြင် PSG၊ လီဗာပူး နဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း သူ့ကို ခေါ်ယူလိုနေပါသေးတယ်။

မန်ယူဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းကျော်နဲ့အတူ တစ်နှစ်လုပ်ခ ပေါင် ၁၂ သန်းကနေ ပေါင် ၁၇ သန်းခန့်ထိ ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ဒါဟာ တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းကနေ သုံးသန်းခွဲထိ ပေးချေမယ့် သဘောဖြစ်တယ်။

မန်ယူဟာ ဒီလစ်ကို ရမယ်ဆိုရင် အေးဂျင့် ရိုင်အိုလာကို ပေါင် ၁၂ သန်း ပေးဖို့လည်း သဘောတူညီပေးမှာဖြစ်ပြီး ဘာစီလိုနာအသင်း အတွက်တော့ အဆိုပါပမာဏကို ပေးချေဖို့ တွန့်ဆုတ်မှုတွေ ရှိနေတာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ်ကလည်း အဆိုပါ ပမာဏလောက်ကို ပေးချေဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ဒီလစ်ကတော့ သူဟာ ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ယူဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ စိတ်အေးအေးထားနေဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

“ လာမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ တကယ့်ကို စိတ်လှုပ်ရှားနေတာပါ။ ဒါပေမယ့် ကျွန်တော် အေးဆေးပါပဲ။ ဒါကို စိန်ခေါ်မှုတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ အရေးပါဆုံး အရာတစ်ခုပါပဲ။ ရွေးချယ်စရာတွေက တော်တော်များနေပြီး ကျွန်တော် အကောင်းဆုံးတစ်ခုကို တကယ့်ကို ရွေးချင်တာပါ။ ဘ၀ဆိုတာ တကယ့်ကို ခက်ခဲ့လွန်းပါတယ်။

ကျွန်တော်ဟာ သာမာန် ဒက်ခ်ျကောင်လေး တစ်ယာက် ဖြစ်နေတုန်းပါပဲ။ သူများတွေနဲ့ ဘာမှမကွဲပြားပါဘူး။ နိုင်ငံခြားကို ထွက်ကစားတာက ကျွန်တော့်အတွက် ပိုကောင်းလာလိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဒီလစ်ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့် အပတ်အတွင်း ဆုံးဖြတ်ချက် ချသွားမယ်လို့ သိရပါတယ်။ သူ့ရဲ့အပြောင်းအရွေ့ဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြောင်းရွေ့မှု ဖြစ်လာနိုင်ပြီး လက်ရှိသူ့ကို ခေါ်ယူလိုနေတဲ့ ထိပ်သီးအသင်း (၅) သင်းလုံးဟာလည်း တကယ့်ကို ဆွဲဆောင်မှုအပြည့်နဲ့ အသင်းတွေ ဖြစ်နေပါတယ်။

ဒါကြောင့် ဒီလစ်အနေနဲ့ ဘယ်လို ရွေးချယ်မှုတွေ ပြုလုပ်သွားမလဲ ဆိုတာကတော့ စိတ်ဝင်စရာ တကယ့်ကို ကောင်းနေတာပါ။