လက်စတာစီးတီးကွင်းလယ်ကစားသမား ဂျိမ်းမက်ဒီဆင်ကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံ (၂) သင်းဟာ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ နည်းစပ်နေပြီး အနည်းငယ် အသာစီးရယူထားတာပါ။

ဒီအပြောင်းအရွေ့သာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပါက ယူနိုက်တက်ရဲ့ နောက်ထပ် အပြောင်းအရွေ့တစ်ခုဟာ ဖြစ်ပေါ်လာတော့မှာ မဟုတ်တော့ပါဘူး။ ယူနိုက်တက်ဟာ မက်ဒီဆင်ကိုသာ ခေါ်ယူနိုင်ခဲ့ပါက ဘင်ဖီကာစတား ဂျာအိုဖိလစ်ကို ခေါ်ယူနိုင်ဖို့ လက်လွှတ်လိုက်ရတော့မှာပါ။

ဂျိမ်းမက်ဒီဆင်ရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင်းသန်း (၆၀) ပမာဏ ဖြစ်ပါတယ်။ ဒီအပြောင်းအရွေ့ အမှန်တကယ် ပြီးမြောက်သွားခဲ့ရင်တော့ ပေါင် (၁၀၅) သန်း သတ်မှတ်ထားတဲ့ ဘင်ဖီကာကြယ်ပွင့်ဟာ ယူနိုက်တက်ကို ရောက်ရှိလာနိုင်မှာတော့ မဟုတ်တော့ပါဘူး။

အဆိုပါ လူငယ်တိုက်စစ်ကစားသမား (၂) ဦးလုံးဟာ ဆိုးရှားရဲ့ ပစ်မှတ်တွေ ဖြစ်ပါတယ်။ ဆိုးရှားဟာ သူ့ရဲ့အသင်းကို အလားအလာရှိတဲ့ လူငယ်ကစားသမားတွေနဲ့ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဆိုပါ ကစားသမား (၂) ဦးရဲ့ မြင့်မားတဲ့ ပြောင်းရွေ့ကြေးတွေကြောင့် ဆိုးရှားအနေနဲ့ (၁) ဦးကိုသာ ခေါ်ယူဖို့ပဲ ဖြစ်နိုင်မှာပါ။

နော့ဝှစ်ခ်ျအသင်းကနေ ပေါင် (၂၂) သန်းခွဲနဲ့ လက်စတာကို ပြောင်းရွေ့လာခဲ့တဲ့ အင်္ဂလန်သားဟာ သူ့ရဲ့ ပထမဦးဆုံး ရာသီမှာပဲ လက်စတာအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ်သာ ရှိသေးတဲ့ မက်ဒီဆင်ဟာ တကယ့်ကို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာရဲ့ လေးစားမှုကိုလည်း ရရှိထားပါသေးတယ်။ သူဟာ လာမယ့်ရာသီမှာ ပြောင်းရွေ့တော့မယ့် အသင်းရဲ့ ကွင်းလယ်ကစားသမား မာတာရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားပါ။

နည်းပြ ဆိုးရှားအတွက် အခြားသော ဦးစားပေး ကစားသမားတွေလည်း ကျန်ရှိနေတဲ့အတွက် ကစားသမား တစ်ဦးတည်းအပေါ် ငွေပုံသုံးပြီး ခေါ်ယူဖို့ဟာ ခက်ခဲနေပါဦးမယ်။ သူ့ရဲ့ လက်ရှိယူနိုက်တက် အသင်းဟာ နေရာအစုံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။

ဆိုးရှားအနေနဲ့ သူ့ရဲ့အသင်းကို အကောင်းဆုံး ပြင်ဆင်ဖို့တော့ အားကြိုးမာန်တက် ကြိုးစားနေတာပါ။ မြင့်မားတဲ့ ငွေကြေးအသုံးပြုမှုတွေနဲ့ ကစားသမားခေါ်ယူမှုတွေဟာ လက်ရှိချိန်ထိတော့ အကောင်အထည် မပေါ်သေးတာပါ။ ဒါပေမယ့် ဒါတွေကို မြင်တွေ့ရဖို့ကလည်း သိပ်ကြာတော့မှာတော့ မဟုတ်ပါဘူး။