ပြင်သစ်ကလပ် PSG အသင်း တိုက်စစ်မှူး အမ်ဘာပေးကတော့ ပြင်သစ်ကလပ်အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့အကြောင်းကို စကားစလိုက်ပြီဖြစ်ပါတယ်။

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က နွေမှာ နာမည်ကျော် ဂလက်တီကို ကြယ်စင်စုအသင်းကို စုဖွဲ့ဖို့ အစီအစဉ်တွေ ချမှတ်လာပြီး ပီအက်ဂျီကြယ်ပွင့် အမ်ဘာပေးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ လာလီဂါကလပ်က ကမ်းလှမ်းလာရင် သဘောတူညီပေးပြီး အသင်းပြောင်းခွင့်ပေးဖို့ PSG ကိုတောင်းဆိုထားတယ်လို့ သတင်းတွေ ကျယ်ပြန့်လာတာဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ပီအက်ဂျီကို ပေါင် ၁၅၀ သန်းနဲ့ ပြောင်းခဲ့ပြီးနောက်ပိုင်း အမ်ဘာပေးဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲ ပါဝင်လာပါတယ်။

ရီးရဲလ်ဟာ အမ်ဘာပေးကို ရမယ်ဆိုရင် ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ အထိပေးချေမယ်လို့ သိလာရတာဖြစ်ပြီး ကမ္ဘာဖလားချန်ပီယံ ပြင်သစ်အသင်းနဲ့ PSG အသင်းအတွက် ၉၄ ဂိုး သွင်းယူထားတဲ့ အမ်ဘာပေးဟာ ရီးရဲလ်နဲ့ အပြောင်းအရွှေ့ သဘောတူညီခဲ့ပါက ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာပါလိမ့်မယ်။

မနှစ်ကနွေမှာ ရော်နယ်ဒိုကို ဂျူဗင်တပ်ထံ လက်လွတ်ခဲ့ရတဲ့နောက်ပိုင်း ရီးရဲလ်ဟာ တိုက်စစ်မှာ သွင်းဂိုးတွေ သွင်းယူပေးဖို့ တိုက်စစ်သမား လိုအပ်နေခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေးထဲက တစ်ဦးကို ရွေးချယ်ဖို့ ဆုံးဖြတ်လာရာမှာ အသက်အရွယ် ငယ်ရွယ်သေးတဲ့ အမ်ဘာပေးကို ဦးစားပေးအဖြစ် ရွေးချယ်လာခဲ့တာဖြစ်ပါတယ်။