ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး မီကာရစ်ချက်ကတော့ လီဗာပူးကို ၇ဂိုး ပြတ် ရှုံးတဲ့ ပွဲမှာ မန်ချက်ကစတာ ယူနိုက်တက် အသင်းသား တစ်ဦး အတော် ညံ့ဖျင်းခဲ့တာကို ထောက်ပြသွားခဲ့ပါတယ်။

၎င်း ညွှန်းဆိုတာကတော့ အန်တိုနီ ဖြစ်ပြီး ဘရာဇီးသားက ညာတောင်ပံမှ သူ့အလုပ်သူ မလုပ်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရသလိုပါပဲလို့ မီကာရစ်ချတ်က ဆိုပါတယ်။

ရော်ဘတ်ဆန်ကို ရင်ဆိုင်ရတဲ့ ညာနောက်ခံလူ ဒါးလော့အတွက် ဘာ ကာကွယ်မှု မပေးနိုင်ခဲ့တာကြောင့် အန်တိုနီ တာဝန်ယူထားရတဲ့ နေရာကို မန်စီးတီး နောက်ခံလူဟောင်း ရစ်ချတ်က နားမလည်နိုင်အောင် ဖြစ်နေခဲ့တာပါ။

မီကာရစ်ချက်က “ ဒါးလော့နဲ့ အန်တိုနီကြားမှာ ဘာဆက်သွယ်မှုမှ မရှိခဲ့ဘူး။ ယူနိုက်တက်က ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရသလိုပါပဲ။ ဘာလို့လဲဆိုတော့ အန်တိုနီက သူ့ဘက်ခြမ်းမှာ သူ့အလုပ်သူ မလုပ်ခဲ့လို့လေ။

နောက်တန်း နေရာတွေမှာ ရော်ဘတ်ဆန်နဲ့ ထရန့်တို့ ဘယ်လောက်ကောင်းတယ် ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါကြောင့် အန်တိုနီက ရော်ဘတ်ဆန်နဲ့ ပိုနီးနီးမှာ နေနိုင်အောင် ကြိုးစားရလိမ့်မယ်လို့ ကျွန်တော်တို့ တွေးမိကြတာပါ” လို့ BBC ရဲ့ Match of the Day ကနေ ထောက်ပြပါတယ်။

အန်တိုနီရဲ့ ခုခံကာကွယ်လိုစိတ် မရှိတဲ့ပုံစံနဲ့ ဘောလုံးပိုင်ဆိုင်မှု မရှိချိန် ကွင်းထဲ လမ်းလျှောက်နေမှုတွေဟာ ရော်ဘတ်ဆန်ကို ဘယ်တောင်ပံကနေ တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ အပြည့်ရနေခဲ့တာပါ။

“ အန်တိုနီက ရော်ဘတ်ဆန်ကို လိုက်မထိန်းခဲ့ဘူး။ သူ့ကို ကြည့်လိုက်ရင် ရော်ဘတ်ဆန်နဲ့ ၈ မီတာ အကွာမှာ ရှိနေခဲ့တာပါ။ သူကိုယ်တိုင် ဝင်မကစားရတာ မဟုတ်ဘဲ အစမ်းနည်းနည်း ဝင်ဆော့ကြည့်သလိုမျိုး ဖြစ်နေခဲ့တယ်။ ခံစစ်ကို ပြန်ဆင်းကူဖို့ လိုအပ်ခဲ့ပေမယ့် သူ မလုပ်ခဲ့ဘူး။

ခံစစ်ထိ ပြန်ဆင်းပြီး တန်ပြန်တိုက်စစ်မှာ ခြိမ်းခြောက်မှုပေးရမှာဖြစ်ပေမယ့် သူက အပျင်းကြီးနေတာလားလို့ ကျွန်တော် စိတ်ရှုပ်ခဲ့ရတယ်။ သူတို့ ဘောလုံးဆုံးရှုံးသွားတာနဲ့ သူက လမ်းပဲ လျှောက်နေတော့တာ။ ဒါက ဒါဘီပွဲ၊ နောက်ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် အကြီးမားဆုံးဆိုတဲ့ ပွဲတစ်ပွဲမှာတောင်နော်။

ယူနိုက်တက်က ဘောလုံးပြန်ရသွားတော့ အန်တိုနီက လီဗာပူးခံစစ်နားမှာ နေရာယူလို့ မရတော့ဘူး။ အဲ့ကျတော့ နောက်ပြန်မဆင်းတဲ့ သူက ရှေ့မှာ လေးကိုက်လောက် လူကျွံနေတာကိုး ” လို့ ရစ်ချတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။