စတမ်းဖိုဒ့်ဘရစ်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲအတွင်း ချယ်ဆီးဟာ ဒေါ့မွန်ကို ၂-၀ ဖြင့် အနိုင်ရတာမို့ နှစ်ကျော့ပေါင်း ၂-၁ ဖြင့် ကွာတားဖိုင်နယ် အဆင့်ထံ တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးကို ရှုံးနိမ့်ခြင်းကြောင့် ဒေါ့မွန်အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး ရှုံးပွဲ ရင်ဆိုင်ခဲ့ရတယ်။

ဒေါ့မွန် နည်းပြ တာဇစ်ကတော့ ချယ်ဆီးက လူသစ်တွေ အများကြီး ခေါ်ထားသလောက် ဒေါ့မွန်က အင်အားဖြည့်မှု အများကြီး မလုပ်နိုင်တာကို ထောက်ပြခဲ့တယ်။

ဒါပေမယ့် သူ့အသင်းဟာ ဒီရာသီ အသုံးစရိတ် သန်း ၆၀၀ သုံးထားတဲ့ အသင်းကို ကောင်းကောင်း ယှဉ်နိုင်ခဲ့တယ်လို့ ဒေါ့မွန်နည်းပြက သရော်ခဲ့ပါတယ်။

” ဘောလုံးရာသီ မစခင် ဒီနှစ်သင်းကို နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ ဒါပေမယ့် ဒီနှစ်ပွဲကို ကြည့်မယ်ဆိုရင် ဒါက ကျနော်တို့ လိုချင်တာပါပဲ။

ကျနော်တို့ ချယ်ဆီးအသင်းကို အပြောင်းအရွှေ့ ဈေးကွက်မှာ လိုက်ပြိုင်နေတာမျိုး မဖြစ်ချင်ပါဘူး။ ကျနော်တို့က ပွဲနေ့မှာ သူတို့ကို ယှဉ်ပြိုင်နိုင်ချင်တာပါ။ ကျနော်တို့ နှစ်ကြိမ်တောင် ပြိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဟာဗက်ရဲ့ ပင်နယ်တီ ကိစ္စဟာ မတော်တဆဖြစ်ရပ်လို့ အငြင်းပွားခဲ့ကြပေမယ့် ဒေါ့မွန်နည်းပြကတော့ ဒိုင်တွေနဲ့ အတိုက်အခံ ပြောဆိုဖို့ကို ငြင်းဆန်ပါတယ်။

“ကျနော့် အလုပ်က ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည် အတွက်ပဲ အာရုံစိုက်ရမှာပါ။ ဒိုင်တွေအကြောင်း မပြောလိုပါဘူး။ လက်ခံရခက်တဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ ” လို့ တာဇစ်က တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လိဒ်စ်ယူနိုက်တက်ကို အနိုင်ရအပြီး ချန်ပီယံလိဂ်မှာ နိုင်ပွဲရခြင်းက ဖိအားတွေ ဝင်နေတဲ့ နည်းပြပေါ်တာကို အသက်ရှုချောင်စေခဲ့ပါတယ်။