လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ နည်းပြ အန်ဆယ်လော့တီ နေရာမှာ ရေရှည် အစားထိုးဖို့အတွက် လူသစ် ရှာဖွေနေပြီး အာဆင်နယ်အသင်း နည်းပြဖြစ်သူ အာတီတာကို သဘောကျနေတယ် လို့ သတင်း ထွက်လာပါတယ်။

အန်ဆယ်လော့တီနဲ့ ကလပ် ဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်ကြားမှာ ပြဿနာ အနည်းငယ် ရှိနေခြင်း ကြောင့်လည်း အခုလို နည်းပြသစ် ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဆန်စီယို၊ ဆီးဘယ်လော့တို့လို ကစားသမားတွေကို အန်ဆယ်လော့တီက နေရာမပေးခြင်းအပေါ် ပီရက်ဇ်က သိပ်သဘောမကျပါဘူး။

ဒီ ရာသီကုန်လို့ ဆုဖလားကြီးတွေ မအောင်မြင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီ နေရာကို အစားထိုးမှု ပြုလုပ်လိုကာ အာဆင်နယ်မှ အာတီတာကို ထိပ်တန်း ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်။

အာဆင်နယ်ရဲ့ အထင်ကြီးစရာ ခြေစွမ်းကြောင့် အာတီတာရဲ့ ဂုဏ်သတင်း မြင့်တက်လာတာက အဆန်းတော့ မဟုတ်ပါဘူး။ အာတီတာရဲ့ ကလပ်ဟောင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်ထိတိုင် သူ့ရဲ့ ဂုဏ်သတင်းက ပျံ့နှံနေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ ဒီအပတ် စပို့တင်း လစ္စဘွန်းနဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်နဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး တုန့်ပြန် ဖြေကြားမှုတွေ ပြုလုပ်လာပါတယ်။

” မန်နေဂျာနဲ့ ကစားသမားတွေက သတင်းမီဒီယာတွေ ဘာရေးသလဲ ဆိုတာ ထိန်းချုပ်လို့ မရပါဘူး။ ကျနော် ပြောနိုင်တာကတော့ ကျနော် ဒီမှာ လုပ်ဆောင်နေတဲ့ အပေါ်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားတယ်။ ဒီဘောလုံး ကလပ် အသင်းအတွက် လုပ်ပေးနေရတာကိုပဲ သိပ်ကို ဂုဏ်ယူရသလို ကျေးဇူးလည်း တင်ရပါတယ်။ ဒါပါပဲ။ ” လို့ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အာတီတာ အပြင် ဂျာမာန်မြေမှာ အကောင်းဆုံး ကိုင်တွယ်နေတဲ့ အလွန်ဆိုကလည်း ရီးရဲလ်ရဲ့ ပစ်မှတ်ထဲ ပါဝင် နေပါတယ်။