ချယ်ဆီးကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရတဲ့ပွဲအတွင်း အမ်မရီချန်ဟာ ကွင်းလယ်ဒိုင် ဒန်နီ မက်ကီလီရဲ့ ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီး ရလဒ်က ‘ကျော်မကောင်း ကြားမကောင်းအောင် မတော်တရော်ဖြစ်နေတယ်’လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ပထမအကျော့တုန်းက ၁-၀ နဲ့ ရှုံးခဲ့ပေမယ့် အနောက်လန်ဒန်မှာတော့ အလျှော့မပေးစတမ်း ကြိုးစားခဲ့ပြီး စတာလင်ရဲ့ ပထမပိုင်းသွင်းဂိုး၊ ကိုင်ဟားဗတ်ရဲ့ ပြန်ကန်ခွင့်ရ ပင်နယ်တီနဲ့အတူ ဒေါ့မွန်ကို ၂-၀ နဲ့ အနိုင်ပြန်ယူခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် ပင်နယ်တီ ကန်ရာမှာ တိုင်ထိပြီး ပြန်ထွက်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က ဆာလီအော့ဇ်ကန် စည်းကျော်လာတယ်လို့ ယူခံခဲ့ရတဲ့အတွက် ဟားဗတ်ကို ပင်နယ်တီ ပြန်ကန်စေခဲ့တာပါ။

စည်းကျော်လာတဲ့အထဲမှာ ဘန်ချီဝဲလည်း ပါဝင်နေခဲ့ပေမယ့် ဒေါ့မွန်အသင်းကိုပဲ အပြစ်ရှိတယ်လို့ သတ်မှတ်ခြင်းဟာ ငြင်းခုံစရာ ဖြစ်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ အမ်မရီချန်ဟာ ဒိုင်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ချန်က “ ဒိုင်ပဲ။ ဒီနေ့က သူ့အမှားကြောင့် ဖြစ်ခဲ့တာ။ ဒီအခြေအနေမှာ ဘယ်လိုလုပ် ပင်နယ်တီကို နောက်တခါ ကန်ခိုင်းနိုင်ရတာလဲ။ ဘယ်လိုတောင် လုပ်လိုက်တာလဲ။ ဒါမဖြစ်သင့်ဘူးဆိုတာ ရှင်းရှင်းလေးပါ။

ကျွန်တော်ကတော့ အဲ့ဘဲကို ​ေ-ာက်ဂရုကိုယ် မစိုက်ဘူး။ တစ်ပွဲလုံး သူက ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေခဲ့တာက စတာပဲ။ ဒိုင်ကြောင့် ကျွန်တော်တို့ဟာ ဒီပွဲကို မထိုက်တန်ပဲ ရှုံးခဲ့ရတာပါ ’ လို့ ပြောကြားခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ ဂျာမန်သားက မက်ကီလီကို မမျှမတ ဆက်ဆံမှုနဲ့ စွပ်စွဲခဲ့သေးပြီး ဒိုင်ဟာ အိမ်ရှင်ပရိသတ်ထုကို ကြောက်နေခဲ့တာလို့ ပြောလိုက်ပါတယ်။

“ ကျွန်တော်တို့ ဒီမှာ စတန်းဖို့ဒ်ဘရစ်ချ်မှာ လာကစားရတယ်။ သူက ပရိသတ်တွေကို ကြောက်နေတာ ဖြစ်မှာပေါ့။ ဒါပေမယ့် UEFA အနေနဲ့ တခြားဒိုင်ကို ပို့လိုက်သင့်တာ ” လို့ ချန်က ဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန် ကွင်းလယ်လူဟောင်းဟာ ဒေါသကို မထိန်းနိုင်ခဲ့သလို အခုလို ဒိုင်ကို ဝေဖန်မှုအတွက် UEFA ရဲ့ ဒဏ်ရိုက်ခံရနိုင်ခြေ ရှိနေတာပဲဖြစ်ပါတယ်။