မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် ဘက် ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ မက်ဂွဲရား မပါဝင်နိုင်ချိန်မှာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ဒီရာသီ တောက်လျောက် တာဝန်ယူနေသူပါ။

လီဗာပူးနဲ့ ပွဲက ကွင်းတွင်း အပြုအမူတွေကြောင့် ခေါင်းဆောင် မဖြစ်ထိုက်သူ အဖြစ် ဖာနန်ဒက်စ်က ဝေဖန်မှုတွေ များစွာ ခံနေရတာ ဖြစ်ပြီး တန်ဟက်ကတော့ ဖာနန်ဒက်စ် အရည်အချင်းကို သံသယ မရှိကြောင်း ရီးရဲလ်ဘက်တစ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင် တစ်ဦး ရှိရမယ့် အရည်အသွေး၊ စံသတ်မှတ်ချက်တွေနဲ့ ပြည့်မှီရဲ့လား အမေးကို တန်ဟက် က ခုလို ဖြေကြားခဲ့ပါတယ်။

” ဒါပေါ့.. ပြည့်မှီပါတယ်။ သူက အကောင်းစား ဘောလုံးရာသီ ပိုင်ဆိုင်ထားတာပါ။ ကျနေ်ာတို့ ဒီလို နေရာ ရောက်နေအောင်လည်း အသင်းမှာ အရေးပါတဲ့နေရာက သူ ပါဝင် ကူညီထားတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်က ” သူက အသင်းကို ခွန်အားတွေပေးနိုင်တယ်။ ကွင်းထဲမှာ မြန်နှုန်းမြှင့်ပြီး ပြေးလွှားနေရုံတင် မဟုတ်ပါဘူး မှန်ကန်တဲ့ လမ်းကြောင်း၊ လားရာကိုပါ ညွှန်ပြပေးနေသူပါ။ သူက ကစားသမားတွေကို ဘယ်နား ဘယ်လို ကစားဖို့ပါ ပြပေးနေပါတယ်။ အသင်းအတွက် အားထားရသူပါ။

ဒါပေမယ့် ဘယ်သူကမှတော့ ပြီးပြည့်စုံတယ် မရှိဘူးလေ။ လူတိုင်းက အမှားလုပ်တတ်တယ်၊ ဒါကနေ သင်ယူသွားရတာပဲ။ ကျနော်လည်း သင်ယူရဦးမယ်။ သူလည်း သင်ယူပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူလည်း ပါးနပ် ဉာဏ်ကောင်းတာပဲလေ။

ကျနော့် အနေနဲ့ကတော့ ဘရူနိုကို အသင်းက ပိုင်ဆိုင်ထားတာ တကယ်ကို ကျေနပ် ပျော်ရွှင်ပါတယ်။ ဟယ်ရီ ကွင်းထဲမှာ မရှိရင် သူက အသင်းခေါင်းဆောင် ဖြစ်နေတာ တကယ်ကို ပျော်ရွှင် သဘောကျတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ ရီးရဲလ် ဘက်တစ်နဲ့ ယူရိုပါလိဂ် ပွဲ ပထမ အကျော့ ယှဉ်ပြိုင် ကစားရမှာပါ။