ဒီအပတ် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီးနောက် ပီအက်စ်ဂျီရဲ့ ဒီရာသီ ချန်ပီယံလိဂ် အိပ်မက် အဆုံးသတ်သွားချိန်မှာ ဖာဒီနန်ကတော့ ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီအား လက်ရှိကလပ်ကနေ ထွက်ပြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ စည်းရုံးလိုက်ပါတယ်။

ပီအက်စ်ဂျီဟာ ဘိုင်ယန်ကို ပထမအကျော့မှာ ၁-ဝ ရှုံးထားသလို ဒုကျော့မှာလည်း ၂-ဝ ထပ်ရှုံးတာကြောင့် နှစ်ကျော့ပေါင်း ၃-ဝ နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ဥရောပ မျက်နှာစာမှာ ပီအက်စ်ဂျီ အသင်းက အခုထိ အောင်မြင်မှု မယူနိုင်တာကြောင့် အမ်ဘတ်ပီလို ကြယ်ပွင့် ကစားသမားတွေက အနာဂတ် အတွက် စဉ်းစားလာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ပြင်သစ် တိုက်စစ် ကြယ်ပွင့် အမ်ဘတ်ပီအား အပြောင်းအရွှေ့ အတွက် အကြံပေး တိုက်တွန်း စကား အခုလို ပြောဆိုခဲ့တာပါ။

” အမ်ဘတ်ပီက လက်ရှိ ကမ္ဘာမှာတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားပဲ။ သူ့ကို ကြည့်နေ အားပေးနေရတာကို ကျနော်တော့ သိပ်ကြိုက်တယ်။

ဒါပေမယ့် နောက်တစ်ဆင့် မြင့်တဲ့ လယ်ဗယ်ကို သွားဖို့ ဆိုရင် သူက ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ် ရှိတဲ့ဆီ ပြောင်းဖို့ လိုတယ်လို့ ကျနော် ထင်တယ်။

သူက ပီအက်စ်ဂျီမှာ ကောင်းနိုင်သမျှ အကောင်းဆုံး လုပ်ပြပြီးပြီ။ ကမ္ဘာ့ဖလားလည်း ရပြီးပြီ။ ဒီတော့ အခု သူ ချန်ပီယံလိဂ် ရချင်မှာပဲ။ ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ ဖြစ်လာစရာ မမြင်ဘူး။

သူ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းသင့်တယ်။ ပရီးမီးယားလိဂ်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး လိဂ် တစ်ခုပါ၊ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပဲ ၁ဝဝ% ပဲ။

သူ ဒီကို ရောက်လာတာ ကျနော် မြင်ချင်မိတယ်။ ဒါပေမယ့် အင်္ဂလန် လာမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်ပဲ၊ တခြား သွားတာတော့ မတွေ့ချင်ဘူး။ ” လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။

လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက် ခေါ်သင့်တာက ဟယ်ရီကိန်းလား အမ်ဘတ်ပီလား လို့ မေးမြန်းခံရရာမှာ ဖာဒီနန်ကတော့ ” ၁ဝဝ% အမ်ဘတ်ပီပဲပေါ့။ ကိန်းတောင်မှ အမ်ဘတ်ပီ လို့ ရွေးမှာ လို့ ကျနော် ထင်တယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။