ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ၇ ဂိုးပြတ် အရှုံးကို တုန့်ပြန်ချက်က ဒီအပတ် စိန့်နဲ့ ပွဲမှာ မြင်ရလိမ့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ဆောက်သမ်တန် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ပေါမာဆန် က ” ပြီးခဲ့တဲ့အပတ်က ၇-၀ နဲ့ ရှုံးခဲ့တဲ့နောက် ယူနိုက်တက်အတွက် ပြန်လာဖို့ အကောင်းဆုံးပွဲက ဒီပွဲပါပဲ။ သူတို့ ပရိသတ်တွေ အတွက် ပေါက်ကွဲပြဖို့ လိုပါလိမ့်မယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ အဲ့ရှုံးပွဲအတွင်း ကွင်းတွင်း အမူအရာတွေကြောင့် အများကြီး ဝေဖန်ခံခဲ့ရတာပါ။ သူ့ရဲ့ တုံ့ပြန်ပုံက ဆိုးလိုက်တာလို့ ကျွန်တော်အရင်ဆုံး တွေးမိခဲ့ပေမယ့် ပြန်စဉ်းစားကြည့်တော့ သိပ်ပြီး ဝေဖန်စရာ မရှိပါဘူး။

အရှုံးကို လူတိုင်းရဲ့ တုံ့ပြန်ပုံက ကွဲပြားပါတယ်။ တချို့က အရှုံးသမားကောင်းတွေ ဖြစ်ပြီး တချို့က အရှုံးသမားဆိုးတွေပေါ့။ အဲ့ရှုံးပွဲအပြီး သူရယ်မောနေခဲ့ရင်လည်း ကျွန်တော်တို့ ဒေါသထွက်ကြမှာပါပဲ။ သူလုပ်ခဲ့တဲ့ အချို့အရာတွေက မမှန်ခဲ့ပါဘူး။ သူ စိတ်လွတ်သွားတယ်။ ဒါပေမယ့် သူက ကပ္ပတိန်ဖြစ်ဖို့ အလုပ်အရမ်း ကြိုးစားခဲ့တာပါ။

အဲ့ပွဲက အပြုအမှုအတွက်ကြောင့်နဲ့ ခေါင်းဆောင်ရာထူးကနေ မပြုတ်သင့်ပါဘူး။ အခု ကျွန်တော်သူ့ကို ပိုပြီး စာနာ သနားမိတယ်။ ၇ဂိုးပြတ် ရှုံးပွဲအတွက် သူ့ တစ်ယောက်တည်းကိုပဲ အပြစ်မတင်သင့်ပါဘူး။

အန်တိုနီကတော့ အချိန်ယူရလိမ့်မယ်။ တစ်ရာသီလောက် ယူရမှာပါ။ ဂျက်ဂရီးလစ်ရှ်၊ စတာလင်၊ မာရက်ဇ်တို့လည်း အချိန်ယူခဲ့ရတာပါ။ အန်တိုနီက ယူနိုက်တက်မှာ ကျရှုံးမယ်မထင်ပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၄-၀ ဆောက်သမ်တန် ဖြစ်ပါတယ်။