မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ပြီးခဲ့တဲ့ အပတ်က အရှက်တကွဲ ဂိုးပြတ် အရှုံးကို ပြန်တုန့်ပြန်ဖို့ စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာ ဘယ်နှဂိုးထိ ဂိုးပြတ် သွင်းမလဲ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ပွဲ အတွက် သုံးသပ် ခန့်မှန်းထားချက်က အောက်ပါ အတိုင်းပါ။

” မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား မားကပ် ရက်ဖို့ဒ်ကတော့ လီဗာပူးကို ဂိုးပြတ် ရှုံးအပြီးမှာ သူတို့ အသင်းက လက်မြှောက် အရှုံးပေးခဲ့တာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အန်းဖီးမှာ ဒုတိယပိုင်းက သူတို့ ကစားပုံက အတော် ကြည့်မကောင်း ဖြစ်ခဲ့တာပါ။

ယူနိုက်တက် အတွက် ဆိုးဝါးတဲ့ နေ့ ဖြစ်ခဲ့သလို အဲဒီပွဲ ကစားခဲ့တဲ့ သူတိုင်း အတွက် အရှက်ရစရာ ဖြစ်ခဲ့တယ်။ လာမယ့်နှစ်တွေ အတော်ကြာတဲ့ အထိ ဒီပွဲရလဒ်က သူတို့ကို ခြောက်လှန့်နေမှာပါ။

ယူနိုက်တက်ရဲ့ ဒီရာသီ အခြေအနေက ယိုင်နဲ့ သွားမယ် လို့ စဉ်းစားမယ် ဆိုရင်တော့ ရူးမိုက်ရာ ကျပါလိမ့်မယ်။ အဲဒီပွဲ မတိုင်ခင် သူတို့ လျှောက်လှမ်းလာတာနဲ့ ရလဒ်တွေကို ထည့်တွေးရမှာပါ။

သူတို့ ကစားသမား တချို့က အတော် အစွမ်းရှိတာလည်း ကျနော်တို့ မြင်ခဲ့ပြီးပါပြီ။ ဟုတ်ပါတယ်၊ သူတို့ တုန့်ပြန်ဖို့ လိုပါတယ်၊ ဒါကို ဒီပွဲမှာ အတိအကျ မြင်ရမယ်လို့ ကျနော် ထင်တယ်။

ဆောက်သမ်တန်က ပြီးခဲ့တဲ့ ပွဲမှာ လက်စတာကို အရေးကြီးတဲ့ နိုင်ပွဲ ရခဲ့တယ်။ ဒီပွဲက ယူနိုက်တက် အတွက် အခက်ခဲ ရှိမယ်လို့ မထင်ပါဘူး။

ဒါပေမယ့် ယူနိုက်တက် က ဒီပွဲကိုရော ကြာသပတေးနေ့ ဘက်တစ်နဲ့ ပွဲကိုပါ အမျက်ဒေါသတကြီး ကစားလိမ့်မယ် လို့ ထင်တယ်။ ဒါကြောင့် ဆောက်သမ်တန်နဲ့ ပွဲကို သူတို့ ဂိုးပြတ် နိုင်မှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-ဝ ဆောက်သမ်တန် ဖြစ်ပါတယ်။