လက်စတာကို အနိုင်ရခဲ့တဲ့ပွဲအပြီး ဂရေဟမ်ပေါ်တာဟာ မူဒရက်ခ်ကို ရွှန်းရွှန်းဝေအောင် ချီးကျူးသုံးသပ်ခဲ့ပါတယ်။

ပွဲများစွာမှာ မထင်မရှား ဖြစ်ခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကင်းပါဝါကွင်းမှာ အထင်ကြီးစရာ ကောင်းခဲ့ပြီး ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ မူဒရက်ခ်ဟာ လက်စတာရဲ့ ခံစစ်ကို ဆက်တိုက် ခြိမ်းခြောက်ခဲ့ပြီးတော့ အရင်ပွဲတွေနဲ့စာရင် ပိုပြီး ဗဟိုကျတဲ့နေရာမှာ ကျင်လည်ခဲ့တာပါ။

ပွဲပြီးအင်တာဗျူးမှာ ပေါ်တာက မူဒရက်ခ်အနေနဲ့ ပိုပြီးတော့တောင် ကောင်းလာမယ်လို့ ခန့်မှန်းပေးခဲ့ပြီး ဘာကြောင့် သူက ကြီးမားတဲ့ အောင်မြင်မှုရနိုင်မှာလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။

“ သူပိုပိုပြီး ကောင်းလာမှာပါ။ သူက အတွေ့အကြုံ သိပ်မရှိသေးတဲ့ လူငယ်လေးဆိုတော့ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာပါလိမ့်မယ်။ သူ့ရဲ့ စိတ်ဓာတ်က သိပ်ကောင်းတယ်။ အသင်းကို ကူညီပေးချင်ပြီး အသင်းနဲ့အတူ တွဲလုပ်ချင်တာပါ။ သူ ဖန်တီးမှု လုပ်ပေးပြီး ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့အတွက် ဝမ်းသာပါတယ်။

ကစားသမားတိုင်းက ပွဲကစားချင်ကြတာ အမှန်ပါ။ ကစားသမားတွေဟာ တိုးတက်ဖို့အတွက် ပွဲကစားရဖို့ အရေးကြီးပါတယ်။ ဒါက အမှန်တရားပဲ။ ဒါပေမယ့် တချိန်ထဲမှာပဲ လမ်းကြောင်းတွေက မဖြောင့်တန်းပါဘူး။

ပွဲကစားရရုံနဲ့ အရာအားလုံးက အဆင်ပြေပြေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပိုပြီးလေ့ကျင့်မှု လုပ်ရမယ်။ နားချိန်လဲလိုတယ်။ ဒါကြောင့် လိုတာတွေ အများကြီး ရှိပါတယ်။

ဒီတလော အနားရမှုကနေ သူအကျိုးကျေးဇူးရနိုင်တယ်လို့ မျှော်လင့်တယ်။ ရာသီအလယ်မှာ ရောက်လာပြီး အသင်းသစ်၊ နိုင်ငံအသစ်၊ လိဂ်အသစ်မှာ အမြင့်ဆုံး ခြေစွမ်းပြဖို့ ဆိုတာက သူ့အတွက် မလွယ်ကူပါဘူ။ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ခေါ်ပါတယ် ပြောပြော အဲ့ဒါက သူ့ရဲ့ အခြေအနေကို မပြောင်းလဲစေပါဘူး။

ကျွန်တော်တို့က သူ့ကို အကောင်းမြင်ထားတယ်။ သူ့အနာဂတ်ကို ယုံကြည်တယ်။ ဒါပေမယ့် သူအထိုင်ကျအောင် လုပ်ပေးပြီး သူလိုအပ်တာကို နားလည်ပေးရမှာပါ ” လို့ ပေါ်တာက ပြောပါတယ်။

နမူနာ အသေးစားလေးပဲဖြစ်ပေမယ့် မူဒရက်ခ်ဟာ ပေါ်တာရဲ့ စီမံခန့်ခွဲမှုတွေကို ကောင်းကောင်း တုံ့ပြန်နိုင်တဲ့ပုံပါပဲ။ ချယ်ဆီးနည်းပြဟာ တောင်ပံကစားသမားနဲ့အတူ ကျန်အသင်းသားတွေရဲ့ တိုးတက်မှုကို ဝမ်းသာနေပါလိမ့်မယ်။