ချယ်ဆီးအသင်းဟာ ဒီရာသီ နွေနဲ့ ဆောင်း ဈေးကွက် ၂ခုစာ အပြောင်းအရွှေ့ အတွက် ပေါင် သန်း ၆ဝဝ ထိ သုံးခဲ့ပြီးနောက် လာမယ့် နွေမှာတော့ ကစားသမား ရှင်းထုတ် ရောင်းချမှုတွေ ရှိလာတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။

နည်းပြ ဂရေဟမ် ပေါ်တာရဲ့ အသင်းမှာ ကစားသမား အယောက် ၃ဝ ကျော်ထိ ရှိနေပြီး ရေရှည် အစီအစဉ်တွေထဲ မပါတော့သူတွေ ပါ ရှိနေပါတယ်။

ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ကိုက်ညီဘောင်ဝင်အောင် ချယ်ဆီးအသင်းဟာ အဝယ်စာရင်းနဲ့ ဟန်ချက် ညီဖို့ ကစားသမား အများအပြား ရောင်းထုတ်သွားရဖို့ ရှိနေတာပါ။

နာမည်ကြီး The Athletic သတင်းဌာနမှ သတင်းထောက် Simon Johnson က ချယ်ဆီးဟာ ဘယ် ကစားသမားကို ရောင်းမလဲ ဆိုတာ အဓိက အချက်တစ်ချက် အပေါ် မူတည် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

၂၀၂၄ နွေမှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေ ရှိနေပြီး ဒီကစားသမားတွေကို ဘယ်လို လုပ်ရမလဲ ဆိုတာ ဦးစားပေး ဆုံးဖြတ်ရမှာပါ။ သက်တမ်းတိုးဖို့ မသေချာတော့တဲ့ ကစားသမားတွေကို တော့ဒ်ဘိုလေနဲ့ သူ့အဖွဲ့ က ရောင်းဖို့ အရင်ဆုံး ကြိုးစားမှာ ဖြစ်ပါတယ်။

ဒီကစားသမား စာရင်းမှာ မေဆန်မောင့်၊ ကိုဗာဆစ်၊ ကွီတာ၊ ပူလီဆစ်၊ အူဘာမီးယန်းနဲ့ လော့ဖ်တပ်ချိစ် တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

သီယေဂို ဆေးလ်ဗားကတော့ လတ်တလောမှ တစ်နှစ် သက်တမ်းတိုးထားတာကြောင့် စာချုပ် သက်တမ်း ကုန်ခါနီး ကစားသမားတွေကို ရှင်းထုတ်မယ့် စာရင်းကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။