မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂနာချိုရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုပြင်းထန်နေတာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရတော့မှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ဆောက်သမ်တန်ပွဲအတွင်း ဒုတိယပိုင်းမှာ ကိုင်လီ ဝေါ်ကာပီတာနဲ့ ထိခိုက်မိရာက ဒဏ်ရာရခဲ့တာပါ။ အခြေအနေ မပြင်းထန်ဘူးလို့ ယူဆခဲ့ကြပြီး ဆေးစစ်ချက်တွေကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်က ဂနာချိုရဲ့ ဒဏ်ရာက ဆိုးဆိုးရွားရွား ပြင်းထန်မှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါသေးတယ်။ ဂနာချိုဟာ ထိုနေ့က ပွဲအပြီးမှာ ခြေထောက်အကာဖြင့် အိုးထရတ်ဖိုဒ့် ကွင်းကနေ ထွက်သွားခဲ့တာပါ။

ဒါပေမယ့်လို့ အာဂျင်တီးနား သတင်းဌာနရဲ့ အဆိုအရ တိုက်စစ်သမားဟာ ယူနိုက်တက်ရဲ့ ပွဲစဉ် ၂ ပွဲနဲ့ လက်ရွေးစင် အသင်းအတွက် ပွဲစဉ် ၂ ပွဲကို ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂနာချိုဟာ ကစားသမားဘဝ ပထမဆုံး အကြိမ်အဖြစ် မတ်လ ၂၃ ရက်နဲ့ မတ်လ ၂၈ ရက်နေ့တွေမှာ ယှဉ်ပြိုင်ရမယ့် အာဂျင်တီးနား ပွဲစဉ်တွေအတွက် လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံထားရတာပါ။ အခုတော့ အဆိုပါ အခွင့်အရေးကြီးကို လွဲချော်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲ အဖြစ် ဖူလ်ဟမ် အသင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး ဘက်တစ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်ကိုပါ ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။