မနေ့ညက ဘာနေဗျူးမှာ ကန်တဲ့ ချန်ပီယံလိဂ် ဒုကျော့ ပွဲမှာလည်း လီဗာပူးက အိမ်ရှင် ရီးရဲလ်မက်ဒရစ်အား ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ပထမအကျော့မှာ ၅-၂ ဖြင့် အရေးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းက သွင်းဂိုးရဖို့ ကြိုးစားပေမယ့် အခွင့်အရေးကြီး ရခဲ့ခြင်းမျိုး နည်းပါးခဲ့တယ်။ ဒါကြောင့်ပဲ နှစ်ကျော့ပေါင်း ၆-၂ ဆိုတဲ့ ရလဒ်နဲ့ ရူံးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ညက ပွဲမှာ ဂိုးပေးလိုက်ရတဲ့ အချိန် အာရုံမစိုက်တဲ့ လီဗာပူး အစွန် နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးအား ထောက်ပြ အပြစ်တင်သွားခဲ့ပါတယ်။

ဖာဒီနန်က ‘ ဘောလုံးက အထောင် တိုက်စစ်မှူးထံ ရောက်နိုင်တာကြောင့် ထရန့်က ခံစစ်ပိုင်းကို အာရုံစိုက်ရမှာပါ။ ကိုယ့်ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦး ဒုက္ခမရောက်ရေး ကိုယ့်ရဲ့ ခံစစ်မှူးကို ကိုယ့်ဘာသာ ကာကွယ်ထားပေးရမှာပါ။ ဒီအနေအထားမှာ ဒါကိုပဲ စဉ်းစားထားရပါမယ်။

ဗီနီးဆီးယက်စ်ထံ ဘောလုံးရောက်သွားတာကို ကြည့်လိုက်။ ထရန့်နဲ့က ဘေးချင်းကပ် အခြေအနေကနေ လူကပ် ထားတာ လွတ်ပြီး ၅ ကိုက် အကွာကို ရောက်သွားခဲ့တာပါ။ ဒီလို ကမ္ဘာအဆင့် တိုက်စစ်သမားကို ရင်ဆိုင်ချိန်မှာ တစက္ကန့်တောင် မျက်စိအောက်က အပျောက်ခံလို့ရတာ မဟုတ်ဘူး။

ဘယ်လိုလုပ်ပြီး ၂ စက္ကန့်အတွင်း ၅ ကိုက်အကွာကို ပြေးခွင့်ပြုပြီး ဂိုးတစ်ဂိုး ပေးလိုက်ရတာလဲ? ထရန့်ကတော့ အဲ့ဂိုးကို ပြန်ကြည့်ပြီး သူကောင်းကောင်းလုပ်သင့်တယ်လို့ တွေးနေတော့မှာပါ။ ဒီလိုအဆင့်မှာ အာရုံပြန့်လွင့်လို့ မရပါဘူး။ ’ လို့ ဖာဒီနန်က မှတ်ချက်ပေးပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်ကပဲ ရီးရဲလ်မက်ဒရစ် သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ ဗန်ဒိုက်နဲ့ ကိုနတေးရဲ့ အမှားလည်း မကင်းဘူးလို့ ဆိုခဲ့ပါသေးတယ်။ ကာမာဗင်ညာက အကွက်မြင်မြင် ပေးပို့တဲ့ ဘောလုံးဟာ ဗင်းနီးဆီးယက်စ်က တစ်ဆင့် ဘန်ဇီမာထံ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။