မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဂျေဒန်ဆန်ချိုရဲ့ အစွမ်းအစကို ထုတ်ယူဖို့ ကူညီပေးနိုင်တဲ့ ပိုကောင်းတဲ့ ညာနောက်ခံလူတစ်ယောက် ခေါ်ယူသင့်တယ်လို့ ကလပ်ဂန္တဝင် ပေါလ်စခိုးက ယုံကြည်နေပါတယ်။

ဆန်ချိုဟာ ၂၀၂၁ နွေရာသီမှာ ပေါင် ၇၃ သန်း ဝန်းကျင်နဲ့ ဒေါ့မွန်ကနေ ပြောင်းလာခဲ့ပေမယ့် သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ အတိုင်း လုပ်ပြဖို့ ရုန်းကန်ခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေအတွက် ဒီရာသီ အသင်းကြီးရဲ့ အဝေးမှာ အချိန်ကုန်နေခဲ့တဲ့ ဆန်ချိုဟာ ဒီနောက်ပိုင်း ပထမအသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။

စခိုးဟာ သူ့ဆီကနေ အများကြီး ထပ်မံမြင်တွေ့ချင်နေသေးတာဖြစ်ပြီး ညာနောက်တန်းမှာ ဒါးလော့နဲ့ ဝမ်ဘစ်ဆာကာတို့ထက် ပိုကောင်းတဲ့ တိုက်စစ် ပံ့ပိုးပေးမယ့်သူနဲ့သာ ဆိုရင် ပိုပြီး အလုပ်ဖြစ်နိုင်တယ်လို့ ထင်မြင်နေပါတယ်။

ဒီရာသီမှာ ဆန်ချိုက လုံလုံလောက်လောက် လုပ်ခဲ့လားလို့ မေးမြန်းခဲ့ရာ စခိုးက

“ မလုံလောက်သေးဘူးလို့ ထင်ပါတယ်။ သူ့ဆီကနေ ဒီထက်အများကြီး ထပ်လုပ်လို့ရသေးတယ်လို့ ကျွန်တော်ထင်တယ်။ သူ့မှာ ပြဿနာတွေ အများကြီး ရှိခဲ့ပြီး နည်းပြနဲ့ ဖြေရှင်းပြီးနောက်မှာ အသင်းထံ ပြန်လာခဲ့ပြီးတော့ ဂိုးအနည်းငယ် သွင်းယူခဲ့တယ်။

သူ့ဘေးမှာ သင့်တော်တဲ့ ကစားသမားတွေရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အရင်ဒေါ့မွန်မှာတုန်းက သူက တချိန်လုံး ညာနောက်ခံလူရဲ့ ပံ့ပိုးမှုကိုရခဲ့တယ်။ အဲ့ဒါက သူ့အတွက် တကယ့်ကို အကူအညီဖြစ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက လျင်မြန်တဲ့ ကစားသမား မဟုတ်ဘူးလေ။

သူက သူ့ရဲ့ ဗဟိုတိုက်စစ်မှူး၊ ညာနောက်ခံလူနဲ့အတူ ပူးပေါင်းပြီး ကစားချင်တဲ့ စကေးအသားပေး ကစားသမားမျိုးပါ။ ယူနိုက်တက်အနေနဲ့ ပိုကောင်းတဲ့ ညာနောက်ခံလူကိုရရင် သူ့ကို မတူတဲ့ပုံစံ ဖြစ်သွားစေလောက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆန်ချိုဟာ ကြာသပတေးနေ့က ဘက်တစ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ရက်ဖို့ဒ်အစား လူစားဝင်ကစားခဲ့ရပါတယ်။ ရက်ဖို့ဒ်က ပုံမှန် ပွဲထွက်ရတဲ့သူဖြစ်ပြီး ဗက်ဟော့စ်ကလည်း ပွဲအများစု ကစားနေရတာဖြစ်လို့ ယူနိုက်တက်ရဲ့ ရှေ့တန်း၃နေရာမှာ ပြိုင်ဆိုင်မှုတွေက အရမ်းများနေတာပါ။

မာရှယ်၊ ဂါနာချိုနဲ့ ပယ်လစ်စထွီတို့လို ကစားသမားတွေ ကြံ့ခိုင်မှုရှိနေရင် လက်ကျန် တိုက်စစ်တစ်နေရာအတွက် ဆန်ချိုနဲ့ ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။