ပရီးမီးယားလိဂ် ကစားသမားဟောင်း ဒီဒီဟာမန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးပစ်မှတ် ဗစ်တာအိုဆီမန်ကို ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူးအဖြစ် ချီးကျူးခဲ့ပြီး ဟာလန်းထက် ပိုကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

အိုဆီမန်ဟာ နာပိုလီမှာ ၂၈ ပွဲအတွင်း ၂၃ဂိုး သွင်းယူခဲ့ပြီး စီးရီးအေမှာ ၁၈မှတ် အသာနဲ့ ဦးဆောင်ထားနိုင်စေသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးထားတာပါ။ သူ့ကို နွေရာသီမှာ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကလပ်များစွာရှိနေတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြိုင်ပွဲစုံ ၄၂ပွဲမှာ ၄၅ဂိုး သွင်းယူခဲ့ပြီး ကြားရက်မှာ လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ၅ ဂိုး သွင်းယူပြီးနောက် တစ်ရာသီအတွင်း စီးတီးရဲ့ ဂိုးသွင်းအများဆုံး စံချိန်တင်ခဲ့တာပါ။ ဒါပေမယ့် အိုဆီမန်ဟာ ဟာလန်းထက်တောင် ပိုပြီးကောင်းတယ်လို့ ဟာမန်းက ရှင်းပြခဲ့ပါတယ်။

ဟာမန်းက “ ကျွန်တော့်အတွက်တော့ အခုချိန်မှာ အိုဆီမန်က ဟာလန်းထက် အဘက်ဘက်က ပိုကောင်းပြီး ချိတ်ဆက်ကစားတာ ပိုတော်တယ်လို့ ထင်ပါတယ်။ ဟာလန်းကတော့ ဂိုးရှေ့မှာပဲနေပြီး ဂိုးသွင်းယူတဲ့သူမျိုးပါ။

မန်စီးတီးမှာ ဟာလန်း ကောင်းကောင်း အံဝင်ပါ့မလားဆိုတာကို ကျွန်တော် သိချင်ခဲ့တယ်။ ဒီရာသီ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေကို ကြည့်ရင် အခုချိန်မှာ ကျွန်တော် မှားတာကို သူသက်သေပြကောင်း ပြနိုင်ပါတယ်။ ဒါပေမယ့် ရာသီကုန်မှာ သူတို့ ဖလားလက်မဲ့ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

အိုဆီမန်ကိုတော့ ထိပ်တန်းကလပ်တိုင်း ကြိုးပမ်းသင့်တယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ အိုဆီမန်က ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူး မလို့ပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။

အိုဆီမန်ဟာ စီးရီးအေချန်ပီယံ ဖြစ်လာတော့မယ့် နာပိုလီမှာ ပျော်နေပေမယ့် သူ့အိမ်မက်က တစ်နေ့မှာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ ဖြစ်တယ်လို့ ဒီလအစောပိုင်းမှာ ဝန်ခံခဲ့တာပါ။

“ ကမ္ဘာ့ထိပ်တန်းလိဂ်တစ်ခုမှာ ကစားဖို့က ကျွန်တော့်အတွက် အံ့ဩစရာကောင်းတဲ့ ခံစားချက်တစ်ခုပါ။ အခုလည်း ကမ္ဘာ့ထိပ်တန်းလိဂ်တစ်ခုဖြစ်တဲ့ စီးရီးအေမှာ ကစားနေတာပါ။

ဒါပေမယ့် တော်တော်များများကတော့ ပရီးမီးယားလိဂ်ကို အကောင်းဆုံးလိဂ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ အိမ်မက်ကို ပြည့်မြောက်အောင်လုပ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ” လို့ အိုဆီမန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။