ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ လက်ရှိ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်သွားပြီး ဗိုလ်စွဲသွားနိုင်မယ် လို့ ချယ်ဆီး တိုက်စစ်မှုးဟောင်းကြီး တစ်ဦး ဖြစ်တဲ့ ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့် က အားပေး ပြောဆိုသွားပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ နည်းပြသစ် ဂရေဟမ် ပေါ်တာနဲ့ အတူ ကစားသမားသစ် များစွာနဲ့ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရသော်လည်း ဒီတလော သီတင်းပတ်တွေမှာ ရလဒ်ကောင်းတွေ ပြန်ရလာနေပါတယ်။

ချန်ပီယံလိဂ်မှာလည်း ချယ်ဆီးက ဒေါ့မွန်ကို ၁၆သင်း အဆင့်မှာ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးနောက် တဖက်က လီဗာပူးကို ဂိုးပြတ် ချေမှုန်းပြီး တက်လာတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ် အဆင့်မှ တွေ့ဆုံနေပါတယ်။ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စံချိန်တင် အဖြစ် သူတို့ရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်ထားခဲ့တာပါ။

ဟက်ဆယ်ဘိန့် က ” မင်းတို့ ချန်ပီယံလိဂ် လိုချင်ရင် အကောင်းဆုံးတွေကို ကျော်ဖြတ် အနိုင်ယူနိုင်ရမှာပဲ။ ရီးရဲလ်နဲ့ ပွဲမှာ ချယ်ဆီး အသင်းရဲ့ အခွင့်အရေး ဘယ်လောက်ရှိလဲ မေးရင်တော့ ၅ဝ-၅ဝ ပဲ။

ဒါက လွယ်ကူတဲ့ ပွဲတော့ ဖြစ်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ယုံကြည်ချက် ရှိရမယ်။ အတိတ်မှာလည်း ချန်ပီယံလိဂ် ဖလား ရအောင် ယူခဲ့ဖူးသလို ထပ် လုပ်မပြနိုင်စရာ အကြောင်း မရှိဘူးလေ။ ” လို့ တက်ကြွစွာ ဆိုပါတယ်။

ဒါ့အပြင် ဟက်ဆယ်ဘိန့် က ချယ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေရဲ့ အားထုတ်မှုနဲ့ သွားနေတဲ့ လမ်းကြောင်း အပေါ်လည်း ထောက်ခံခဲ့ပါတယ်။ အမေရိကန် အသင်း ပိုင်ရှင်တွေဟာ ဒီရာသီ အသုံးစရိတ် ပေါင် သန်း ၆ဝဝ ထိ စိုက်ထုတ်ပြီး ကစားသမား ဝယ်ယူဖို့ သုံးစွဲခဲ့တာပါ။

လက်ရှိ နိုင်ငံတကာ သီတင်းပတ် အပြီးမှာ ဒီလကုန်မှာတော့ ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲ ပြန်လည် စတင် ကစားရမှာ ဖြစ်ပါတယ်။