အာဆင်နယ် အသင်း အားထားနေရတဲ့ အဓိက ကစားသမား နှစ်ဦးကို မန်ချက်စတာ ယူနိုက်တက်က ပိုင်ရှင်သစ် ပြောင်းသွားရင် ရအောင် ခေါ်ယူသွားနိုင်တယ် လို့ လီဗာပူး တိုက်စစ်မှုးဟောင်းကြီး စတန် ကော်လီမိုးက သတိပေးလိုက်ပါတယ်။

ကော်လီမိုး ညွှန်းလိုက်တာကတော့ အာဆင်နယ် အားထားရတဲ့ အသင်းသားတွေ ဖြစ်တဲ့ ဆာကာနဲ့ မာတင် အိုဒီဂတ် တို့ ဖြစ်ပါတယ်။ ဒီနှစ်ဦးလုံးဟာ အာဆင်နယ် အသင်း ဒီရာသီ ထိပ်တန်းရောက်လာရာမှာ အခရာ ကျတဲ့ အသင်းသားတွေ ဖြစ်ကြပါတယ်။

ကော်လီမိုးက ” မန်ချက်စတာ ယူနိုက်တက်ကသာ ပိုင်ရှင်သစ် ရသွားမယ် ဆိုရင် နွေမှာ အာဆင်နယ်ရဲ့ အိုဒီဂတ် ဒါမှမဟုတ် ဆာကာ ကို ခေါ်ယူသွားမယ် ဆို ဘယ်အရာက တားဆီးလို့ ရနိုင်ဦးမှာတဲ့လဲ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး သုံးနိုင်စွမ်းက အနည်းဆုံး အာဆင်နယ်လောက်တောင် မရှိလာနိုင်ဘူး လို့တော့ ကျနော့်ကို လာမပြောနဲ့နော်။ ကစားသမားတွေ ကိုယ်တိုင်ကလည်း ဒီလို တွေးနေမိတယ် ဆိုရင် ရပ်တန့်ဖို့ လိုပါပြီ။

ပြောချင်တာက ဖရန်ကီ ဒီဂျောင်သာ မပြောင်းချင်ဘူး ဆိုရင် သူ့ကို ထားလိုက်ဦး။ ယူနိုက်တက်ဟာ နောက်ထပ် အကောင်းဆုံး ကစားသမား တစ်ယောက်ကို ရှာဖွေ ခေါ်ယူနိုင်လောက်အောင် အင်အားကြီးတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

ယူနိုက်တက်က ပိုတောင် ကောင်းတဲ့ ကွင်းလယ်သမား ရဦးမှာ။ တန်ဟက်ကသာ ဒါကို ဦးစားပေးချင်ရင် လုပ်ချင်ရင် ဖြစ်ကို ဖြစ်ပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ဂလေဇာ မိသားစုက အသင်းကို ရောင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် ကမ်းလှမ်းမှု တွေကို တစ်ဆင့်ချင်း လက်ခံ စဉ်းစား ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။