မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် ရောက်ထားသလို အက်ဖ်အေ ဖလားမှာလည်း ဆီမီးဖိုင်နယ် ရောက်ထားတာကြောင့် လိဂ်ပွဲတွေ ကြားမှာ ထပ် ယှဉ်ပြိုင် ရမယ့် ပွဲစဉ်တွေ တိုးလာနေပါတယ်။

မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ဒီလို ပွဲတွေ တိုးလာတာက မန်ချက်စတာ ကလပ်ကို အကြပ်တွေ့စေမှာ မဟုတ်ဘဲ ဖလား အခွင့်အရေးတွေ ရှိနေလို့ သဘောတောင် ကျရဦးမှာ လို့ သူ့ အမြင်ကို ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘာဘာတော့ဗ် က ” အမှန်ပြောရရင် ကစားစရာ ပွဲစဉ်တွေ တိုးလာတာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလား မျှော်လင့်ချက်တွေကို ထိခိုက်စေမယ်လို့ ကျနော်တော့ မထင်ဘူး။ အဆုံးကျရင် ကစားသမား ဆိုတာ ပွဲတွေ အများကြီး ကစားရတာပဲလေ။

ကိုယ်သာ ပုံစံကောင်း ရနေမယ် ဆိုရင် နောက်ပွဲ ကစားဖို့က မစောင့်နိုင်အောင် ဖြစ်ရတာပဲ။ ပြိုင်ပွဲတွေ အကုန်လုံးမှာ ပါဝင်ချင်တယ်၊ ရနိုင်သမျှ ဆုဖလား အခွင့်အရေးတွေ အကုန် ကြိုးစားချင်တယ်။ ဒီအတွက် အမြဲ ပြင်ဆင် ကြိုးစားခဲ့ရတာ ဖြစ်ပြီး ဒီလို ကာလတွေမှာ အသင့် ဖြစ်နေဖို့ လုပ်ခဲ့တာလေ။

မင်းတို့က ပရော်ဖက်ရှင်နယ်တွေပါ၊ ပိုက်ဆံလည်း ကောင်းကောင်းရတယ်။ နည်းပြကောင်းလည်း ရထားတယ်။ ဒီလို အချိန်မှာ ဒီလို ပြိုင်ပွဲတွေ ထဲ ပါဝင်ပြီး ဖလားရဖို့ အနေအထားကောင်းလည်း ရှိတယ်ဆို ဘာလိုသေးလဲဗျာ။

မန်ချက်စတာ ယူနိုက်တက် ဒီရာသီ ဖလားတွေ ထပ်ရနိုင်သေးတယ်လို့ ကျနော် ယုံကြည်တယ်။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ စိတ်ကူးကို မေ့ထားရမှာ ဖြစ်ပေမယ့် လက်ရှိမှာ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတို့ထဲ ပါဝင်နေဆဲ ဖြစ်ပြီး ဆုဖလား ရဖို့လည်း အလားအလာကောင်းတွေ ရှိနေပါတယ်။