မန်ချက်စတာ ယူနိုက်တက်နဲ့ စီ ရော်နယ်ဒိုရဲ့ လမ်းခွဲဟာ ထင်သလောက် မချောမွေ့ဘဲ အဆောတလျင် နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက နည်းပြ တန်ဟက် အပေါ် မကျေနပ်မှု ပေါ်ပေါ်ထင်ထင် ပြသခဲ့သလို ပီးယာ့ဇ် မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်ပြီး အသင်း အပေါ် ထောက်ပြ ဝေဖန်မှုတွေလည်း လုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်း အသက် ၃၈ နှစ် အရွယ် ကစားသမားနဲ့ မန်ချက်စတာ ကလပ်ဟာ ကမ္ဘာ့ဖလား ကာလ တွင်းမှာပဲ နှစ်ဘက် သဘောတူ စာချုပ် ဖျက်သိမ်းကာ လမ်းခွဲခဲ့ရပါတယ်။

အဲဒီနောက် ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာဆာ အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး နေရာသစ်မှာ မယိုယွင်းသေးတဲ့ သူ့ ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနေပါတယ်။ ဒါကြောင့်ပဲ ဒီလထဲ ကစားမယ့် ပေါ်တူဂီ အသင်းရဲ့ ပွဲစဉ်တွေ အတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီလထဲ ကစားမယ့် Liechtenstein နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်မှာ ကာလဆိုး ကြုံတွေ့ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

” တခါတလေကျရင် ကိုယ့်ဘက်မှာ အမှန်တကယ် ဘယ်သူတွေ ရှိသလဲ ဆိုတာ မြင်ရဖို့ ဖြတ်သန်းရတဲ့ ကိစ္စတချို့ ရှိတတ်ပါတယ်။

ကျနော့် ကစားသမား ဘဝမှာ ဆိုးဝါးတဲ့ကာလကြီး ကြုံခဲ့ရတယ် (မန်ချက်စတာ ယူနိုက်တက်ထံ ပြန်သွားခဲ့တာကို ဆိုလို)။ ဒီလို ထုတ်ပြောရတာ ကျနော်ကတော့ ပြသနာ မရှိပါဘူး။ ဒါတွေကို နောင်တ ရနေဖို့လည်း အချိန် မရှိဘူး။

ဘဝက ရှေ့ဆက်သွားနေမှာပဲ။ ကျနော် လုပ်ဆောင်တာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ ဒါ ကြုံတွေ့ ကျော်ဖြတ်သွားရမယ့် တစိတ်တပိုင်းပဲ။ ကျနော်တို့ တောင်ထိပ်ဖျားကို ရောက်နေတယ် ဆိုရင် အောက်မှာ ဘာဖြစ်နေလဲ မြင်ရလေ့ မရှိဘူးလေ။

အခုဆို ကျနော် ပိုပြီး ပြင်ဆင်တတ်လာပြီ။ ဘာက အရေးကြီးတယ် ဆိုတာလည်း ကျနော် သင်ယူခဲ့ရပြီ။ ပြီးခဲ့တဲ့ လ အနည်းငယ် အတွင်းမှာ ကြုံခဲ့ရသလိုမျိုး ကျနော် တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ။ အခုဆို ကျနော် ပိုကောင်းတဲ့ လူသား တစ်ဦး ဖြစ်လာပါပြီ။ ” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘလွန်းဒီအော ငါးဆုရှင် ပေါ်တူဂီသားဟာ ဆော်ဒီလိဂ်မှာ အခြေကျနေပြီ ဖြစ်ပြီး အယ်နာဆာ အသင်း အတွက် ၈ ပွဲ ကစား ၉ ဂိုး သွင်းယူထားပါတယ်။