ချယ်ဆီး ကစားသမားဟောင်းကြီး ဖရန့် လီဘိုးကတော့ သူ့အသင်းဟောင်းဟာ ကစားသမား ရောင်းချ ငွေရှာမှု အချို့ ပြုလုပ်ပြီး အငှားခေါ်ထားတဲ့ ဂျွာအို ဖိလစ်ကို အပြီး ဝယ်ယူစေချင်နေပါတယ်။
ချယ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဖိလစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီက အငှား ခေါ်ယူခဲ့တာပါ။ အငှား သဘောတူ စာချုပ်ထဲမှာ ဝယ်ယူခွင့် မပါဝင်ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ ပျော်နေပြီ ဖြစ်ပါတယ်။
ဖိလစ်ရဲ့ ပွဲဦးထွက်ဟာ ထုတ်ပယ်ခံရပြီး မလှပခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ချယ်ဆီးနဲ့ အတူ ခြေစွမ်းပြနေပြီ ဖြစ်တာကြောင့် ဖရန့်လီဘိုးကတော့ အထင်ကြီး သဘောကျနေပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ချယ်ဆီးမှာ ဆက်နေလိုကြောင်း ဆိုထားပေမယ့် အက်သလက်တီကို မက်ဒရစ်ကတော့ ဖိလစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁ဝဝ လောက်ထိ တောင်းဆိုဖွယ် ရှိနေတာပါ။
ဖရန့်လီဘိုး က ” ဂျွာအို ဖိလစ်က ကစားသမားကောင်းပါ။ သူက လက်ရှိ ချယ်ဆီးမှာ ခြိမ်းခြောက်မှု အလုပ်နိုင်ဆုံး ဖြစ်သလို ဖျော်ဖြေမှု အပေးနိုင်ဆုံး၊ ညက်ညောမှု အရှိ ဆုံး ကစားသမားလည်း ဖြစ်တယ်။ သူက ခြေစွမ်းလည်း အတော် ငြိမ်တယ်၊ ပွဲတိုင်းလိုလိုမှာ ဖန်တီးမှု ပြုလုပ်နိုင်တယ်။
ချယ်ဆီး အနေနဲ့ ကစားသမား တချို့ ရောင်းပြီးတော့.. ပူလီဆစ်နဲ့ မောင့်ပဲ ဖြစ်ဖြစ်ပေါ့၊ ပြီးရင် ဖိလစ်ကို အပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။
ပိုက်ဆံကတော့ အများကြီး သုံးရလိမ့်မယ်။ ဒါက အသင်းပိုင်ရှင်တွေ တွေးရမှာပါ။ ဒါပေမယ့် ကစားသမား ကိုပဲ ကြည့်မယ် ဆိုရင်၊ ကျနော်သာဆို သေချာပေါက် သူ့ကို ခေါ်တယ်။ ” လို့ ဖိလစ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။
ချယ်ဆီးအသင်းမှာ မေဆန်မောင့်က သက်တမ်းတိုး စာချုပ်သစ် အတွက် သဘောတူညီမှု မပေးသေး သလို ပူလီဆစ်ကလည်း ပွဲကစားချိန် နည်းပါးတာကြောင့် အသင်းကနေ ထွက်ခွာလိုနေပါတယ်။ ဒီနှစ်ဦးလုံးဟာ လာမယ့်နွေမှာ စတန်းဖို့ဘရစ်ချ်ကနေ လမ်းခွဲသွားဖို့ များနေတာ ဖြစ်ပါတယ်။