ဘွန်ဒစ်လီဂါ ထိပ်သီး ဘိုင်ယန်မြူးနစ် နည်းပြ ဂျူလီယန် နစ်ဂေးစ်မန်း ကို အံ့အားသင့်ဖွယ် ထုတ်ပယ်လိုက်ပြီး ချယ်ဆီးနည်းပြဟောင်း တူချယ်ကို အစားထိုး ခန့်အပ်ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။
တူချယ်ဟာ ဒီရက်ပိုင်းမှာ စပါးအသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်က လက်ဦးမှု ရယူသွားခဲ့တာပါ။
ရိုးမားအသင်းဟာ လာမယ့်နွေမှာ တန်မီ အေဗရာ ကို ရှင်းထုတ်လိုနေပြီး အသင်းဟောင်း ချယ်ဆီးက ယူရို သန်း ၈ဝ နဲ့ ပြန်ဝယ်ခွင့်ကို သုံးကာ ပြန်ခေါ်ဖွယ် ရှိနေပါတယ်။ ပြောင်းရွှေ့ကြေးကို လျှော့ချင်နေတဲ့ ချယ်ဆီးဟာ လူကာကူ ကို အလိုက်ပေး ညှိနှိုင်းနိုင်တယ် လို့ အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။
မိုနာကို ဒါရိုက်တာ ပေါလ် မစ်ချယ်က လက်ရှိ ရာထူးကနေ ထွက်ခွာတော့မယ် လို့ အတည်ပြု ကြေညာသွားပါတယ်။ မစ်ချယ်ဟာ လီဗာပူး အားကစား ဒါရိုက်တာ အဖြစ် တာဝန်ယူဖို့ ရေပန်းစား နေပေမယ့် သဘောတူညီမှု မရဘူးလို့လည်း သိရပါတယ်။
စပါး တိုက်စစ်မှုး ကိန်းကို အလိုရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ စပါး အလိုရှိနေတဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန် ကို အလိုက်ပေးပြီး ကိန်း ကို ခေါ်ယူရန် ညှိနှိုင်းဖို့ စဉ်းစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး အငှားခေါ်ထားတဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဂျွာအို ဖိလစ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ ဖိလစ်က ချယ်ဆီးထံ အပြီး ပြောင်းလိုနေပြီး လက်ရှိ အငှား စာချုပ်မှာ အပြီးဝယ်ယူခွင့် မပါဝင်ပါဘူး။
လာလီဂါ ကလပ် ဆဲလ်တာဗီဂို အသင်းရဲ့ ဗဟိုခံစစ်မှုး ဂါဘရီ ဗီဂါ ကို လိုချင်ပါက စာချုပ် ဖျက်သိမ်းကြေး (ယူရို သန်း ၄ဝ) ပေးမှ ရမယ်လို့ အသင်း ဥက္ကဌ ဖြစ်သူက ထုတ်ဖော် ပြောဆို လာပါတယ်။ ဗီဂါ ကို ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့က စိတ်ဝင်စားနေတာပါ။
ဘာစီလိုနာ အံ့ဖွယ် လူငယ်လေး Ilias Akhomach ဟာ ကတ်တလန်ကလပ်နဲ့ သက်တမ်း မတိုးတော့ဘူး ဆိုတာကြောင့် ဥရောပ အသင်းကောင်းတွေ ဖြစ်တဲ့ အာဆင်နယ်၊ အေစီမီလန်၊ ဆီဗီလာ၊ လိစ်ဒ် ယူနိုက်တက် စတဲ့ အသင်းတွေက စောင့်ကြည့်လာပါတယ်။