ဘာစီလိုနာ ကြယ်ပွင့် ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြိုးပမ်းနေတဲ့ အပေါ် ပြိုင်ဘက်အသင်းတွေ စိုးရိမ်သင့်တယ်လို့ လီဗာပူး ကွင်းလယ်ဟောင်း ဒန်နီမာဖီက သတိပေးခဲ့ပါတယ်။
တန်ဟက်ဟာ သူ့ကစားသမားဟောင်းကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ မနှစ်က နွေရာသီမှာ ကြိုးပမ်းခဲ့ပေမယ့် ဘာစီလိုနာကနေ ဆွဲမထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဘာစီလိုနာတို့ ငွေလိုနေတာကြောင့် မန်ယူက လာမယ့် ဒီနွေမှာ ဒီယောင်ကို နောက်တစ်ကြိမ် ကြိုးစားဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကာဆီမီရိုနဲ့ အတူကစားဖို့ ဒီယောင်းကို ခေါ်ယူနိုင်ခဲ့ရင် တန်ဟက်ရဲ့ အသင်းက အရမ်း ပြီးပြည့်စုံ သွားနိုင်တယ်လို့ မာဖီက သုံးသပ်ခဲ့တာပါ။
“ ပြိုင်ဘက်အသင်းတွေရဲ့ ရှုထောင့်ကနေကြည့်ရင် စိုးရိမ်စရာ ကိစ္စတစ်ခုကို ကျွန်တော် ပြောပြမယ်။ တန်ဟက်နဲ့ ဒီယောင်ကြားက ဆက်ဆံရေးပဲ။ ဘာစီလိုနာက ကစားသမားတချို့ကို ရောင်းဖို့ လိုအပ်နေတယ်။ သူတို့ ပေါင်သန်း ၁၀၀ ကျော် ပြန်ရှာဖို့ လိုအပ်နေပြီး ဒီယောင်ကိုသာ ထွက်ခွာခွင့်ပြုရင် ပမာဏများများ ရရှိမှာပါ။
နောက်ဆက်တွဲ အနေနဲ့ ဒီယောင်က ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကာဆီမီရိုနဲ့အတူ အဲရစ်ဆင် လက်ရှိ ကစားနေတဲ့ နေရာမှာ ကစားလိမ့်မယ်။ အဲရစ်ဆင်ကိုတော့ အသင်းလိုက် ကစားသမား တစ်ယောက်အနေနဲ့ ပိုပြီးအသုံးချလိမ့်မယ်။
ယူနိုက်တက်က ဒီဂျောင်ကို မရခဲ့ချိန်မှာ အဲရစ်ဆင်ကို ခေါ်ခဲ့တာကလည်း ဒီအကြောင်းကြောင့်ပါပဲ။ နှစ်ယောက်လုံးက ဖန်တီးနိုင်စွမ်းရှိကြတယ်။ ဒီယောင်က ပိုပြီး ကြံ့ခိုင်တယ်၊ ဘောလုံးလက်ခံတာ ပိုကောင်းတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ဆင်တူပါတယ်။
ဒီယောင်က စူပါ အရည်အသွေးရှိတဲ့ ကွင်းလယ်လူ တစ်ယောက်ပဲ။ သူက ယူနိုက်တက်အတွက် တကယ်ကို ကြီးမားတဲ့ ပေါင်းထည့်မှုတစ်ခု ဖြစ်ပါလိမ့်မယ်”လို့ မာဖီက ဆိုပါတယ်။
ဒီယောင် မပါသေးပဲနဲ့တောင် သရဲနီတွေဟာ အမြင့်ပျံသန်းနေခဲ့ပြီး ပြီးခဲ့တဲ့အပတ်က တန်ဟက်လက်ထက် ပထမဆုံး ဖလားအနေနဲ့ ကာရာဘောင်းဖလား ကိုင်မြှောက်နိုင်ခဲ့တာပါ။ သူတို့ဟာ ဒီယောင်ရဲ့ ဘာစီလိုနာကို ယူရိုပါလိဂ်ကနေ ကန်ထုတ်ခဲ့ ပါသေးတယ်။