ပရီးမီးယားလိဂ်ဟာ ၂၀၂၅ ခုနှစ်မှာ ရုပ်သံလွှင့် ဝန်ဆောင်မှု အသစ်တစ်ခုဆီကို ရောက်သွားနိုင်တဲ့ အခြေအနေကို ဦးတည်နေတယ်လို့ သိရပါတယ်။

အင်အားကြီး နည်းပညာကုမ္ပဏီတွေဟာ အင်္ဂလန်က ဘောလုံးပွဲတွေကို ထုတ်လွှင့်ဖို့ မူပိုင်ခွင့်ရရေးအတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်ပြီး ၎င်းတို့ဟာ လက်ရှိ ရုပ်သံပြသခွင့် ပိုင်ဆိုင်ထားတဲ့ Amazon, Sky Sports, BT Sport တို့နဲ့ ပြိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ဥရောပစူပါလိဂ်အကြောင်း မှတ်တမ်းရုပ်ရှင်နဲ့အတူ ပရီးမီးယားလိဂ်ထဲ စတင် ခြေလှမ်းဝင်ခဲ့တဲ့ Apple ဟာ သူတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အကန့်သတ်ကို တိုးချဲ့ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အခု ပရီးမီးယားလိဂ် မူပိုင်ခွင့်ပါ လိုချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ Apple VS Amazon ပြိုင်ဆိုင်မှုကို မြင်တွေ့ လာရနိုင်ပါတယ်။

Amazon Prime ဟာ တစ်ရာသီကို ပရီးမီးယားလိဂ် ပွဲစဉ်၂ခုစာအတွက် သီးသန့်မူပိုင်ခွင့် ရရှိထားပြီးဖြစ်ပြီး တစ်ရာသီ ၂ပွဲနဲ့တင် စာချုပ်တန်ကြေးက ပေါင်သန်း၃၀ တန်ပါတယ်။ သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေအတွက် မူပိုင်ခွင့်ကိုလည်း ရရှိခဲ့တာပါ။

လက်ရှိ ပရီးမီးယားလိဂ်ရုပ်သံ မူပိုင်ခွင့်စက်ဝန်းဟာ ၂၀၂၂ မှာ စတင်ခဲ့တာဖြစ်ပြီး ပေါင် ၁၀.၄ ဘီလျံ တန်ကြေးရှိသလို ဒီထဲက ပေါင်၅.၁ ဘီလျံဟာ Sky, BT, Amazon, BBC တို့လို ပြည်တွင်းစာချုပ်တွေကနေ ရရှိထားတာပါ။ အဆိုပါ စာချုပ် သက်တမ်းကုန်ရင် Apple ရဲ့ ပါဝင် ယှဉ်ပြိုင်မှုကို ရုပ်သံဌာနတွေ ရင်ဆိုင်ရပါမယ်။

Apple အနေနဲ့ ပွဲစဉ်အားလုံး ထုတ်လွှင့်ခွင့်ကို ပြိုင်ဆိုင်မှာလား Amazon Prime လို ပွဲအနည်းငယ် ထုတ်လွှင့်ခွင့် အတွက် ပြိုင်ဆိုင်မှာလားတော့ မသိရသေးပါဘူး။

Facebook, Disney နဲ့ Netflix တို့ဟာလဲ ပရီးမီးယားလိဂ်ပွဲတွေ ပြသဖို့ ချိတ်ဆက်နေတဲ့ သူတွေထဲမှာ ပါဝင် ထားကြပေမယ့် လာမယ့်နှစ်တွေအတွင်း တရားဝင် ကမ်းလှမ်းမှုလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ Netflix စီအီးအို ဆာရာဒို့စ်က ထုတ်ပြာထားတာ ဖြစ်ပါတယ်။

နည်းပညာ အဓိက ကုမ္ပဏီကြီးတွေဟာ ဘောလုံးဈေးကွက်ထဲ တိုးချဲ့ဖို့ ရည်မှန်းလာတာနဲ့အတူ အင်္ဂလန်ပွဲတွေကို မူပိုင်ခွင့်ရဖို့ ၎င်းတို့ရဲ့ ကမ်းလှမ်းမှု အောင်မြင်မှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။