လီဗာပူး ကစားသမားဟောင်းကြီး စတီဗင် ဂျရတ်က ချယ်ဆီးကြယ်ပွင့် မိုင်ခါလို မူဒရစ်ရဲ့ မနေ့ညက ယူကရိန်း လက်ရွေးစင် အသင်းနဲ့ အတူ ကစားသွားပုံအပေါ် ထောက်ပြ ဝေဖန်မှုတွေ ပြုလုပ်သွားပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ မနေ့ညက ဝင်ဘာလေမှာ ယူကရိန်းကို ၂-ဝ နဲ့ အနိုင်ရခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၂ပွဲလုံး အနိုင်ရရှိထားပါတယ်။

အင်္ဂလန်ရဲ့ အဖွင့်ဂိုး အတွက် ဆာကာ ဖြတ်တင်ဘော ပေးပို့မှာကို မူဒရစ်က တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဆာကာ အားနည်းတဲ့ ညာခြေကို အသုံးပြုဖို့တောင် ဖိအားမပေးနိုင်ခဲ့ဘဲ လွတ်ထွက်ခဲ့တာပါ။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်က ” ယူကရိန်းဘက်က ကြည့်မယ် ဆိုရင် အင်္ဂလန် ကစားသွားတာ ကောင်းတယ်လို့ မြင်မှာပါ။ ဒါပေမယ့် ခင်ဗျားသာ မူဒရစ်ရဲ့ နည်းပြဆိုရင် သူ ကစားပုံကို စိတ်ပျက်မိမှာပဲ။

ကျနော် မူဒရစ်ကို လေးစားမှု ရှိပါတယ်၊ သူက ပွဲထဲမှာ သင်ယူနေရတုန်းဆိုတာလည်း နားလည်ပါတယ်။

ဒါပေမယ့် ဆာကာ ကို ညာခြေပဲ သုံးအောင် သူက ထိန်းထားရမှာ။ ဆာကာ ကို ဘယ်ခြေ သုံးခွင့်ပေးလိုက်ပြီ ဆိုရင် သွားပြီလေ၊ သူ့ ဘယ်ခြေက မှော်ဝင်နေတာ၊ ဒါကို သူမတားနိုင်ခဲ့ဘူး။ ” လို့ ပွဲ အပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မူဒရစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာဆင်နယ်ထံ ရောက်ဖို့ သတင်းကြီးခဲ့ပြီးမှ လန်ဒန်ပြိုင်ဘက် ချယ်ဆီးအသင်းထံ ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။