ဒီတစ်ကြိမ် နိုင်ငံတကာ သီတင်းပတ်ဟာ လီဗာပူးပရိသတ်တွေအတွက် အပြောင်းအရွှေ့ သတင်းတွေ ပြန်ကြားရတဲ့ ကာလဖြစ်ခဲ့ပါတယ်။
အင်္ဂလန် နာမည်ကြီး သတင်းထောက်က ဘယ်လင်ဟမ်ကို လီဗာပူးအသင်း ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ ဖော်ပြပြီးမှ သူဆိုလိုတာက လီဗာပူးတို့ မခေါ်နိုင်ဘူးလို့ မဟုတ်ဘဲ အခြားအသင်းတွေလည်း ရေပန်းစားမှု ပိုအားကောင်းလာတာလို့ ပြန်ပြီး ဖြေရှင်းထားခဲ့ရတယ်။
လီဗာပူးသတင်းထောက်တွေ ကြားမှာ အသင်းက ဘယ်လင်ဟမ်ကို ဦးစားပေး အဖြစ် ချိန်ရွယ်ထားဆဲလို့ ဆိုထားကြပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီအပတ် နိုင်ငံတကာ သီတင်းပတ်ပြီးရင် သူ့အနာဂတ်ကို ထုတ်ပြောမယ်လို့လည်း သတင်းထွက်နေတာမို့ လာမယ့်အပတ်တွေမှာ တစ်ခုခု ထူးခြားလာနိုင်ပါတယ်။
နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ထရန့်နဲ့ တွေ့ဆုံနေတဲ့ ဘယ်လင်ဟမ်က ယူရို ခြေစစ်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဟန်ဒါဆန်နဲ့အတူ ရှိနေတာကို မနေ့ကပဲ My day မှာ သီးသန့် တင်သွားခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ် မျှော်လင့်ချက်က ပြန်တောက်ပလာခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ သူ့ရဲ့နေရာ ဆက်ခံမယ့် ကွင်းလယ်လူ အဖြစ်တင် မကဘဲ အနာဂတ် လီဗာပူးအသင်းခေါင်းဆောင် အဖြစ် မျှော်လင့်လို့ရတဲ့ ဘယ်လင်ဟမ်ကို လီဗာပူးထံ အပါခေါ်နိုင်ဖို့ အမြဲတမ်း ကြိုးစားပေးနေသူဖြစ်ပါတယ်။
လီဗာပူးရဲ့ ရေပန်းစားမှု အားနည်းလာချိန်မှာ ဘယ်လင်ဟမ် တင်ခဲ့တဲ့ပုံဟာ အကြောင်းမဲ့တော့ မဟုတ်နိုင်သလို အသင်းအတွက် ဟန်ဒါဆန်က ကြိုးစားပေးနေဆဲ ဖြစ်ဖို့ လီဗာပူးပရိသတ်တွေဘက်က မျှော်လင့်နေကြတာ ဖြစ်ပါတယ်။