ချယ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး စီးတီး တိုက်စစ်မှုးဟောင်းကြီး ဆာဂျီယို အဂွယ်ရို က အခုလို သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

” ဂရေဟမ် ပေါ်တာက ချယ်ဆီးက အချိန် အကြာကြီး ကိုင်တွယ်ရသေးတာ မဟုတ်ဘူး။ သူ ဒီကာလမှာ ကစားသမားတွေ အများကြီး အဝင် အထွက် ရှိတာတွေ ကြုံတယ်။ ထိပ်တန်း ကစားသမားတွေရဲ့ ဒဏ်ရာတွေ ကြုံရတယ်။

ဒီလို အခြေအနေမှာ ထိပ်တန်း ပြိုင်ပွဲကြီး တစ်ခုကို ပါဝင်နေရတာ သိပ်တော့ ပုံစံကျဦးမှာ မဟုတ်ဘူး။ သူက ရလဒ်ကောင်းတွေ ယူဖို့ အချိန် ခုထက် ပိုပြီး လိုပါတယ်။ ဘရိုက်တန်မှာလည်း သူ ဒီလိုပဲ အချိန်ယူ လုပ်ပြခဲ့တာပါ။ သူက ချယ်ဆီးမှာလည်း အောင်မြင်အောင် ထပ် လုပ်ဆောင်ပြနိုင်ပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိ အနေအထားကို လျစ်လျူရှုထားလို့ မရပါဘူး။ သူတို့က ဒီပွဲ (ရီးရဲလ် – ချယ်ဆီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အတွဲ)မှာ အနိုင်ရဖို့ များပါတယ်။

ဒါပေမယ့် ပွဲ အဖြေ ဆိုတာကတော့ ကစားပြီးမှ သိရတာမျိုးပါ။ တခါတလေ အင်အားအနည်းဆုံး ဆိုတဲ့ အသင်း ကတောင် ကွဲပြားတဲ့ ရလဒ်တွေ လုပ်ပြနိုင်တတ်ပါတယ်။

မက်ဒရစ်ကတော့ ဒီလိုပွဲမျိုး အတွက် သမ္ဘာ ရှိပြီး အသားကျပြီးသားပါ။ သူတို့ သမိုင်းကြောင်းတွေ၊ ဒီတလော နှစ်တွေ အတွင်း လုပ်ပြခဲ့တဲ့ ပုံစံတွေက သက်သေပါပဲ။ သူတို့က ပြိုင်ဘက်တွေ အတွက် အခက်ခဲဆုံးသော အသင်း ဖြစ်နေမှာပါ။

ဒီပွဲက ရီးရဲလ် မက်ဒရစ် အတွက် လွယ်ကူတဲ့ ပွဲ ဖြစ်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ရီးရဲလ်ပဲ အသာရသွားမယ် ထင်ပါတယ်။ ” လို့ အဂွယ်ရို က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။