ချယ်ဆီးအသင်းဟာ ဆာရီအတွက် လျော်ကြေး ပေါင် ၅.၃ သန်း တောင်းဆိုနေတာကြောင့် ဆာရီ ဂျူဗင်တပ်တို့ ပြောင်းရွှေ့မယ့် ကိစ္စ ဆိုင်းငံ့သွားတယ်လို့ သိရပါတယ်။

ဟာဇက်ဟာ ကမ္ဘာအကောင်းဆုံး ကစားသမား ငါးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်း ဘယ်ဂျီယံ တိုက်စစ်သမားရဲ့ ကလပ်အသင်း အသင်းဖော်ဖြစ်သူ ကီပါက သူ့ရဲ့အမြင်ကို ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

ကီပါက ဘီဘာအိုအသင်းမှာ သူကစားခဲ့ရစဉ် ရင်ဆိုင်ခဲ့ဖူးတဲ့ ကမ္ဘာအကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တန်းညီတဲ့ အရည်အချင်းမျိုး ဘယ်ဂျီယံသားအသင်းဖော် ဟာဇက်မှာ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ဘိုင်ယန်မြူးနစ်ဘက်က စိတ်ဝင်စားမှုတွေ ရှိထားပေမယ့် ချယ်ဆီးအသင်းနဲ့ပဲ တစ်ပတ် လုပ်ခ ပေါင် ၁သိန်း တန်ကြေးရှိ ကာလရှည်စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

အိုဒွိုင်းဟာ ဟာဇက် ထွက်ခွာရင် ကစားသမားသစ် ခေါ်ယူခွင့် မရှိသေးတဲ့ ချယ်ဆီးမှာ ပိုမို နေရာရလာနိုင်တာက လန်ဒန်မှာ ဆက်ရှိနေခြင်း အကြောင်းတချက်အဖြစ် ပါဝင်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး ဂျီရူးက ၄င်းအတွက် ကစားချိန် ပိုပေးရမယ့် အစား ဟီဂူအင်ကို ခေါ်ယူလိုက်တဲ့ အပေါ် စိတ်ပျက်ခဲ့မိကြောင်း ၀န်ခံစကား ဆိုလိုက်ပြီး နောက်ဘောလုံးရာသီ ဘယ်နည်းပြနဲ့ မဆို အားထုတ်ခြေစွမ်းပြဖို့ စိတ်အားထက်သန်နေကြောင်း ၀န်ခံလိုက်ပါတယ်။

ချယ်ဆီးခံစစ်မှူး ခရစ္စတီယန်ဆန်က ၄င်း အနေနဲ့ အသင်းနဲ့ အတူ ဆက်ရှိဖို့ အနာဂတ်အတွက် သံသယများ မရှိဘဲ လန်ဒန်မှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါက စပိန်သားချင်း ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကာ ဖုန်းနဲ့ မကြာခဏ ဆက်သွယ် စကားပြောဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။