ချယ်ဆီးအသင်းဟာ ထွက်ခွာသွားတဲ့ ဂရေဟမ် ပေါ်တာရဲ့ နေရာမှာ ဆက်ခံမယ့်သူ အဖြစ် ဘယ်လို နည်းပြကို ရွေးချယ်သင့်သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဂယ်ရီနဗီးက သုံးသပ် အကြံပေးမှုတွေ ပြုလုပ်သွားပါတယ်။

ချယ်ဆီးဟာ နည်းပြသစ် ခန့်အပ်ဖို့ကို အစောတလျင် ပြုလုပ်ဖွယ် မရှိပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ သူတို့ရဲ့ အနေအထားက အရေးကြီးနေတာ ဖြစ်ပါတယ်။ အားလုံးကတော့ နေဂဲလ်စမန်းကို ဦးစားပေး ဖော်ပြနေပြီး ပိုချက်တီနို၊ ဇီဒန်းနဲ့ အန်းနရစ်လို နည်းပြတွေကလည်း နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။

ဂယ်ရီနဗီး က အခု ရေပန်းစားနေတဲ့ သူတွေထဲကမှ ဘယ်သူ့ကို နည်းပြ ခန့်သင့်လဲ၊ ဘာကြောင့်လဲ ဆိုတာ အခုလို ရှင်းပြသွားခဲ့တာပါ။

နဗီးက ” ချယ်ဆီးနဲ့ ဘိုးလီတို့ကတော့ သူတို့က အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် သန်း ၆၀၀ ဖိုးလောက် သုံးထားခဲ့ပြီဖြစ်တာမို့ လာမယ့် ၃ နှစ်အတွက် အထောင် တိုက်စစ် နေရာအတွက်ကလွဲရင် အင်အားဖြည့်ပြီးပြီလို့ ပြောကြပါလိမ့်မယ်။

သူတို့ ဇီဒန်း၊ ဆီမြွန်နီနဲ့ အန်းနရစ်ကို ခေါ်ယူမယ်ဆိုရင် နောက်ထပ် အသုံးစရိတ် ပေါင် သန်း ၃၀၀ လောက် ထပ်ထုတ်ရဦးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့အသင်းမှာ အဲ့နည်းပြတွေ စိတ်ကြိုက် ကစားသမားမျိုး ရှိမနေလို့ပါ။

ဒီတော့ ချယ်ဆီးက သူတို့မှာ ရှိပြီးသား အသင်းကို ကိုင်တွယ်ပေးနိုင်မယ့် နည်းပြတစ်ဦးကို ခေါ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သူတို့အသင်းက ငယ်ရွယ်ပြီး ဒီကစားသမားတွေ အတွက် သူတို့ တကယ် လိုအပ်နေတဲ့ နည်းပြက ပိုချက်တီနိုပါပဲ။ ” လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီရာသီ အစောပိုင်းက ပေါ်တာကို မခန့်ခင် ပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့သေးပြီး အဆုံးမှာတော့ ပေါ်တာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။