လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ ကွင်းလယ်လူ အများအပြားကို ခေါ်ယူသွားဖို့ ရှိပေမယ့် အဲ့ထဲမှာတော့ လက်စတာမှ တိုင်လီမန်းစ် မပါဘူးလို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ တစ်လျှောက်လုံး ရုန်းကန်နေရတဲ့ လီဗာပူးအသင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းကို ရှာဖွေနိုင်ခြင်း မရှိပါဘူး။ အဓိက ထောက်ပြစရာ နေရာက ကွင်းလယ်ဖြစ်ပြီး ဟာဗေး၊ ဟန်ဒါဆန်၊ ဖာဘင်ညိုကလွဲလို့ ကွင်းလယ်လူတွေဟာ ဒဏ်ရာ ပြဿနာတွေကို မကြာခဏ ရင်ဆိုင်နေခဲ့ရတာပါ။

နည်ပြကလော့ပ်က သူ့ရဲ့ ကွင်းလယ်ကို ပြန်လည် စုဖွဲ့ဖို့ စီစဉ်ထားပြီး အနည်းဆုံး ကွင်းလယ်လူ ၃ ဦးကို ပြောင်းရွှေ့ကြေးတွေဖြင့် ခေါ်ယူမှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပလန်ထဲမှာတော့ လက်စတာကနေ အလွတ်ဖြင့် ထွက်ခွာလာမယ့် တိုင်လီမန်းစ် မပါခဲ့ပါဘူး။

Football Insider ရဲ့ ဖော်ပြချက်အရ ဘယ်ဂျီယံသားဟာ ကလော့ပ်ရဲ့ ဖိအားပေး စနစ်မှာ ပါဝင်ပေးဖို့ လုံလောက်တဲ့ လှုပ်ရှားမှု မရှိဘူးလို့ လီဗာပူးဘက်က ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အလွတ်ဖြင့်ရမယ့် သူ့ကို ခေါ်ယူရေး လီဗာပူးဘက်က မကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။

နောက်တစ်ချက်ကတော့ တိုင်လီမန်းစ်ကို အလွတ်ဖြင့် ရမယ်ဆိုပေမယ့် ကစားသမားဘက်က တောင်းဆိုတဲ့ လက်မှတ်ထိုးကြေးနဲ့ လုပ်ခပိုင်း မြင့်မားမှု ဖြစ်ပါတယ်။ ဘယ်လောက် ပမာဏလည်း မသိရပေမယ့် ဒီအချက်ကို အခြားသော ထိပ်သီးအသင်းတွေ သဘောမကျဘူးလို့ သိရတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ် ပစ်မှတ်တွေအတွက် ကင်းထောက်မှုတွေ၊ နည်းစနစ်ပိုင်း ချိန်ဆကြည့်ခြင်းဖြင့် အကဲဖြတ်မှုတွေ ပြုလုပ်နေပြီး ဒီနွေအစပိုင်းမှာတင် အင်အားဖြည့်မှုကို အပြီးသတ်ဖို့ ပြင်ဆင်ထားပါတယ်။