လက်ရှိ ဘောလုံးလောကမှာ ယူရိုသန်း ၁၀၀ ကျော် တန်ကြေးရှိတဲ့ ဘောလုံးသမား ၁၀ ယောက်သာရှိကြောင်း Transfermarkt က ဖော်ထုတ်လာပြီး အဲ့ဒီ့ထဲမှာ လီဗာပူး၊ ယူနိုက်တက်တို့ရဲ့ ဒီနွေအပြောင်းအရွှေ့ ပစ်မှတ်များစွာ ပါဝင်ပါတယ်။

ထိပ်ဆုံးကတော့ ယူရိုသန်း ၁၈၀ တန်ကြေးရှိတဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဖြစ်ပြီး ၎င်းဟာ ဒီနွေမှာ ပြင်သစ်လိဂ်ကနေ ထွက်ခွာဖွယ် မရှိပါဘူး။ သူ့ရဲ့နောက် ဒုတိယနေရာမှာ ရှိနေသူကတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဖြစ်ပြီး ဒီရာသီ သွင်းဂိုး ၄၂ဂိုး သွင်းထားတဲ့ နော်ဝေဂိုးသွင်းစက်ဟာ ယူရိုသန်း ၁၇၀ တန်ကြေးရှိပါတယ်။

သူတို့ရဲ့နောက်မှာ တတိယဈေးအမြင့်ဆုံးက ဒေါ့မွန်အသင်းဖော်ဟောင်း ဘယ်လင်ဟမ်ဖြစ်ပြီး သူ့ကို လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ ယူနိုက်တက်ကပါ စိတ်ဝင်စားနေတာပါ။ ဘယ်လင်ဟမ်ဟာ ဒေါ့မွန်မှာ သူ့ရဲ့ ၃နှစ်မြောက်ကာလက ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။

ဘယ်လင်ဟမ်နဲ့ တန်ကြေးတူတာကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဗီနီစီးယပ် ဂျူနီယာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာခြေစွမ်း၊ အရေးပါတဲ့ အကူအညီပေးမှုတွေ လုပ်ပြခဲ့တဲ့ ဘရာဇီးသားဟာ ကမ္ဘာ့ဖလားမှာ ရုန်းကန်ခဲ့ရပေမယ့် လာမယ့်နှစ်တွေအတွင်း ကမ္ဘာထိပ်တန်းစာရင်းမှာ ဆက်ရှိနေမယ်သူဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မူဆီယာလာလည်း ဗီနီစီးယပ်လို အနာဂတ် ရှိသူပါ။ ယူရို သန်း ၁၁၀ တန်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေရဲ့ ပုံမှန် ပွဲထွက်ခွင့်ရသူ ဖြစ်ပါတယ်။ သူနဲ့တန်ကြေးတူတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေက ဆာကာနဲ့ ဖီးဖိုဒန် ဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဆာကာဟာ ဟာလန်းနဲ့အတူ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေတာဖြစ်ပြီး ဖိုဒန်အတွက်က အကောင်းဆုံးရာသီ မဟုတ်ခဲ့ပေမယ့် ဖလားမျှော်လင့်နေတဲ့ ပြိုင်ပွဲသုံးခုလုံးမှာ စီးတီးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့ဆဲ ဖြစ်ပါတယ်။

နောက်ဆုံး သုံးယောက်ကတော့ ယူရိုသန်း ၁၀၀ တန်ကြေးရှိကြပါတယ်။ ၎င်းတို့က ရီးရဲလ်မက်ဒရစ်မှ ဗယ်ဗာဒီ၊ ဘာစီလိုနာမှ ပက်ဒရီနဲ့ နာပိုလီမှ အိုဆီမန်တို့ ဖြစ်ပါတယ်။ ဗယ်ဗာဒီရော ပက်ဒရီရောက ဒီနွေမှာ အသင်းပြောင်းဖွယ် မရှိပေမယ့် အိုဆီမန်ကတော့ ပရီးမီးယားလိဂ်ထံ ပြောင်းလာနိုင်တာ ဖြစ်ပါတယ်။