မနေ့က စနေနေ့ အစောပိုင်းမှာ ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်ပွဲစဉ်ကတော့ တော်မီနေး၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင် ယူနိုက်တက်က ၂-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် ကတော့ ပထမပိုင်းတည်းက ဂိုး ပိုပြတ်သွားနိုင်တဲ့ အခွင့်အရေးတွေ အသုံးမချနိုင်တဲ့ အပေါ် အားမရ ဖြစ်နေခဲ့ပြီး ဒီပွဲမှာ သူ သဘောကျသူ ၂ဦး ကိုတော့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

” ဒီနေ့ပွဲမှာ ဘရူနိုက အတော်လေး ထူးချွန်ပါတယ်။ အတွင်းလူနေရာမှာ သူ ထူးထူးချွန်ချွန် ကစားနိုင် ခဲ့တယ်။ အရင်အပတ် နယူးကာဆယ်ပွဲမှာကော ဒီပွဲမှာပါ သူကောင်းပါတယ်။ သူက ကွင်းထဲက ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားပါ။

အရန်ခုံက ထလာတဲ့ ကစားသမားတွေကလည်း သက်ရောက်မှု ရှိခဲ့ပြီး ဂိုးတွေလည်း ရနေကြပါတယ်။ ဒီရာသီမှာ လူစားဝင်လာတဲ့ ကစားသမားတွေက ဂိုးတွေ အများကြီး သွင်းယူပေးထားပါတယ်။ ” လို့ ဘရူနိုနဲ့ မာရှယ်တို့ကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရတဲ့ အခွင့်အရေးကို ယူနိုင်ခဲ့ရင် ပထမပိုင်း အစောမှာတင် ဂိုးပြတ်နေခဲ့မှာပါ။ ဒါပေမယ့် တော်မီနေးရဲ့ သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာကြောင့် ဒုတိယပိုင်း မှာ ဆက်လက် အားထုတ်ဖို့ လိုအပ်ခဲ့ရပါတယ်။

သိပ်မကောင်းတဲ့ သတင်းဆိုးက ရက်ဖိုဒ့် ဒဏ်ရာ ရသွားတယ်လို့ သိရပြီး ဥမင်ထဲကို တန်းဝင်သွားခဲ့တာပါ။ အဲရစ်ဆန် ပွဲကစားမိနစ် အနည်းငယ် ရခဲ့တာကတော့ သတင်းကောင်းဖြစ်ပြီး အကောင်းဆုံး ကစားသမား ဆုကို ဘရူနိုက ရခဲ့ပါတယ်။

ယူနိုက်တက်ဟာ စနေနေ့ညက ပွဲတွေ အပြီးမှာ နယူးကာဆယ်နဲ့ ရမှတ်တူ၊ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။