အာဆင်နယ်နဲ့ ဆွစ်ဇလန်ကွင်းလယ်လူ ရှာကာဟာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားအပြီးမှာ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုကို နားလည်ခဲ့ဟန်ရှိပြီး သူ့ကို ကမ္ဘာအကောင်းဆုံးအဖြစ် နာမည်တပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ CSKA မော်စကိုမှ ရုရှားတိုက်စစ်မှူး Fedor Chalov ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပါဝင်လာ ပါတယ်။ ရုရှားပရီးမီးယားလိဂ်မှာ ထိပ်တန်း တိုက်စစ်မှူး ဖြစ်နေတဲ့ အသက် ၂၁ နှစ်သားကို မိုနာကို၊ ဆီဗီလာတို့ကလည်း အလိုရှိ နေပါတယ်။

အာဆင်နယ်ဟာ ကလပ် ဘရုဂျက်အသင်းက အသက် ၂၁ နှစ်အရွယ် နိုက်ဂျီးရီးယားဥား တိုက်စစ်မှူး အီမန်နူယယ် ဒန်းနစ်ကို ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဘယ်လ်ဂျီယံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆန်ဒိုးရီးယား အတွဲ ဖြစ်တဲ့ အန်ဒါဆန်နဲ့ ဒန်းနစ် ပရာရက်ကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ရှိပါတယ်။ အာဆင်နယ် ရဲ့ ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းမှုကို စီးရီးအေးကလပ်က ပယ်ချထားပြီး ဖြစ်ပေမယ့် အာဆင်နယ်က နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေပါတယ်။

အာဆင်နယ်က ယူနိုက်တက်နဲ့ အပြိုင် ကြိုးစားနေရတဲ့ ပီအက်စ်ဂျီ ညာခြမ်းခံစစ်မှူး သောမတ်စ် မူနီယာအတွက် ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်း ရောင်းချမယ့် ကစားသမားတွေထဲမှာ အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ညာနောက်ခံလူ သောမတ် မူနီယာတို့ ပါဝင်နေပါတယ်။

လီဗာပူးကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အင်္ဂလန်သား တိုက်စစ်မှူး ဒန်နီရယ် စတားရစ်ကို ခေါ်ယူဖို့ အာဆင်နယ်၊ လက်စတာနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ စဉ်းစားသင့်ကြောင်း ပဲလေ့စ်တိုက်စစ်မှူးဟောင်း ကလင်တန် မော်ရစ်ဆန်က တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ဟာ လိုင်ယွန်တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြပြီး ယူနိုက်တက်ကတော့ အလေးအသာဆုံး ဖြစ်နေကြောင်း ပြင်သစ် သတင်းများမှာ ပါရှိလာပါတယ်။