ရီးရဲလ် မက်ဒရစ်ဟာ ဟာဇက်ကို ချယ်လ်ဆီးအသင်းထံမှ ခေါ်ယူပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြု ကြေငြာသွားခဲ့ကာ ဘယ်လ်ဂျီယံသား တိုက်စစ်သမား ဟာဇတ်ကို လာမယ့် ကြာသပတေးနေ့မှာ အသင်း ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ် ဟာဇက်ဟာ ချယ်လ်ဆီးကို ယူရိုပါလိဂ်ဖလားဆွတ်ခူးစေဖို့ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက်မှ ၄င်းကို ကာလကြာ ချိတ်ဆက်နေခဲ့တဲ့ ရီးရဲလ်ထံ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဟာဇတ်ရဲ့အပြောင်းအရွှေ့တန်ကြေးဟာ ပေါင်သန်း ၁၅၀ အထိ မြင့်တက်လာနိုင်ခြေရှိလို့ ဒါဟာ ရီးရဲလ်မက်ဒရစ် အသင်း အမိုင်းကြောင်း တစ်လျှောက်မှာ ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဟာဇတ်ဟာ လက်ရှိမှာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး နိုင်ငံပွဲစဉ်တွေ ပါဝင်ကစားပေးနေကာ အဲ့ဒီပွဲစဉ်တွေပြီးဆုံးတာနဲ့ ရီးရဲလ်မက်ဒရစ်ဆီကို အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူဖို့ ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဆေးစစ်မှုအောင်မြင်ပြီးသွားရင် ဟားဇတ်က ရီးရဲလ်မက်ဒရစ်နဲ့ ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို တစ်ပတ် လုပ်ခလစာအဖြစ် အခွန်ဆောင်ခြင်းအပြီးအစီး ပေါင်လေးသိန်း ပေးချေသွားဖို့ ရှိနေပါတယ်။

ဒီလုပ်ခလစာပမာဏဟာ ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ လုပ်ခလစာအကျိုးခံစားခွင့် အများဆုံးရရှိစေတဲ့ ကစားသမားလည်း ဖြစ်လာစေတော့မှာဖြစ်ပါတယ်။ ဟားဇတ်ဟာ ကျောနံပါတ် ၇ ကို ၀တ်ဆင်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးသွားမှာပါ။

အပြောင်းအရွှေ့ တရားဝင်ဖြစ်မြောက်ချိန်မှာ ရီးရဲလ်မက်ဒရစ်က ပေါင် ၈၈ ဒသမ ၅ သန်းကို လက်ငင်းပေးချေရမှာဖြစ်ပြီး လက်ကျန် ငွေတွေ ကိုတော့ ကစားသမားဖြစ်သူရဲ့စွမ်းဆောင်ရည်နဲ့ အသင်း အောင်မြင်မှုရယူနိုင်တာတွေအပေါ်မှာမူတည်ပြီး ဆက်လက်ပေးချေသွားမှာပါ။

ချယ်လ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဟာဇက်က နောက်ဆုံးရာသီမှာ ရရှိခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။