ဘာစီလိုနာက မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ကို ချဉ်းကပ်မှုပြုလုပ်ခဲ့ပြီး ယခုအပြောင်းအရွှေ့ ကာလမှာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း စပိန်သတင်းများမှာ ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီက လာမယ့်ရာသီ တိုက်စစ်မှာ လီယွန်နယ် မက်ဆီ၊ လူးဝစ် ဆွာရက်ဇ်တို့နဲ့အတူ ရက်ရှ်ဖို့ဒ်ကို တွဲကစားစေချင်နေတာ ဖြစ်ပါတယ်။ မန်ယူဘက်က လက်ရှိစာချုပ် အရ ရက်ရှ်ဖို့ဒ်ကို ထပ်တိုး ၁ နှစ် သက်တမ်းတိုးခွင့် ရှိနေသေးပြီး ရီးရဲမက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့က ရက်ရှ်ဖို့ဒ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး တစ်ပတ် လုပ်ခလစာ ပေါင် ၁ သိန်းခွဲအထိ ရရှိမယ့်စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း သဘောတူညီမှု မပြုသေးပါဘူး။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အဓိက ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားကာ ရက်ရှ်ဖို့ဒ်အတွက် စုံစမ်းမေးမြန်းမှုတွေတောင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့ပြီး ယနေ့အချိန်အထိ အသင်းအတွက် ၄၅ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူဘက်ကတော့ အသင်းအတွက် အားထားရတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းဖို့ မလိုလားဘဲ ဘာစီလိုနာဥက္ကဌ ဘာတိုမြူနဲ့ မန်ယူအသင်း ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ် ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်သာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရာမှာ အထောက်အကူ ဖြစ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၃ ဂိုး သွင်းယူပေးခဲ့ပြီး နည်းပြဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ခြေစွမ်း တဖြည်းဖြည်း ပြန်လည်ရရှိနေသူဖြစ်ပါတယ်။