မန်ချက်စတာယူနိုက်တက် ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြ ဇီဒန်းရဲ့ ပစ်ပယ်မှု ခံရပြီး ရုန်းကန်နေရတဲ့ ဝေးလ်စ်လြက်ရွေးစင် ကြယ်ပွင့် ကစားသမား ဂါရတ်ဘေးလ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ရီးရဲလ်ဘက်ကလည်း အီဒင်ဟာဇက်ကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့ပြီးတဲ့ နောက်မှာ အသင်း အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တဲ့ ဂါရတ်ဘေးလ်ကို ဘာနေဗျူးကနေ လက်လွှတ်ဖို့ ပို စိတ်အားထက်သန်လာပါတယ်။

ဘေးလ်ကို ခေါ်ယူဖို့ ၄င်းရဲ့အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးနဲ့ မန်ယူတို့ အပြိုင် စိတ်ဝင်စားနေပေမယ့် ရီးရဲလ်မက်ဒရစ် တောင်းဆို ထားတဲ့ ပေါင်(၇၅)သန်းကို ပေးချေသွားဖို့တော ဆန္ဒ မရှိကြဘူးလို့ သိရပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ လက်ရှိ နွေရာသီအပြောင်းအရွှေ့မှာ အသက်(၂၉)နှစ်အရွယ် ဂါရတ်ဘေးလ်ကို အပြီးသတ် ခေါ်ယူမယ့်အစား တစ်ရာသီအငှားစာချုပ်နဲ့ အတူ နောက်ထပ်(၁၂)လ သက်တမ်းတိုးခွင့်ကိုသာ အလိုရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ် မက်ဒရစ်အနေနဲ့လည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါက ကစားသမားရဲ့ နောက် နှစ်ရာသီစာ လုပ်ခလစာ (ပေါင်သန်း ၅၀) ကိုလျှော့ချသွားနိုင်မယ့်အပြင် ငှားရမ်းခလည်း ရရှိဦးမှာဖြစ်တာကြောင့် အပြီးသတ် ထွက်ခွာခွင့် ပေးရမှာထက်စာရင် ပိုကောင်းတဲ့ အခွင့်အရေးတစ်ခုကို ရရှိသွားနိုင်ပါတယ်။

ဟာဇက်ရောက်ရှိလာမှုကိုကြည့်မယ်ဆိုရင်လည်း နည်းပြဇီဒန်းဟာ ဘေးလ်ကို ဘာနေဗျူးကနေ အမြန်ဆုံး ထွက်ခွာစေချင်တာကို သိသာ ထင်ရှားစွာ မြင်တွေ့နေရပြီဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတာကြောင့် ဘေးလ်အနေနဲ့ ရွေးချယ်သွားမလား ဆိုတာကတော့ သံသယဖြစ်စရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ မန်ယူက လက်ရှိနွေရာသီမှာ လူငယ်ကစားသမားတွေကိုသာ ပစ်မှတ်ထား နေတဲ့အတွက် ရီးရဲလ်မှာ တစ်ပတ်ပေါင် ၅သိန်းနီးပါး လောက်ရနေတဲ့ ဘေးလ်ကို (အငှားနဲ့) ခေါ်ယူစာချုပ်လိုက်နိုင်မယ်ဆိုပါက ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာဖြစ်သွားနိုင်ပါတယ်။