ချယ်ဆီး တောင်ပံ ကစားသမား အီဒင်ဟာဇက်ရဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုဟာ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လာလီဂါကလပ်က ပေါင် ၁၃၀ သန်းနဲ့ ခေါ်ယူမှုမှာ ဟာဇက်ရဲ့ ငယ်ဘဝ အိပ်မက်တွေ အကောင်အထည် ပေါ်လာခဲ့တာပါ။

ကမ္ဘာဘောလုံးလောကရဲ့ ဈေးအကြီးဆုံး ပြောင်းရွှေ့မှုထဲမှာ အပါအဝင်ဖြစ်တဲ့ ဟာဇက် အပြောင်းအရွှေ့ကြောင့် အမြတ်အစွန်းကြီးတွေ ရခဲ့ကြသူများကို Sportskeeda က ဖော်ပြထားမှုကို ပြန်လည်ကာ ဖော်ပြပေးလိုက်ပါတယ်။

အီဒင်ဟာဇက်

ပရီးမီးယားလိဂ်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် ဟာဇက်ဟာ ကမ္ဘာကောင်းဆုံး ဆုတွေအတွက် ပါဝင်နိုင်ခြင်း မရှိဖြစ်နေတာပါ။ ဘောလုံးသမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၁၀ ကြိမ် အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်အတွက် အကောင်းဆုံးဆုတွေရဖို့ အိပ်မက်တွေကို အကောင်အထည့်ပေါ်လာစေတော့မှာပါ။

ရီးရဲလ်မက်ဒရစ်

ရော်နယ်ဒို မရှိတဲ့နောက် အသင်းရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဘောလုံးရာသီတွေထဲက တစ်ရာသီကို ပိုင်ထားတဲ့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူမှုကြီးတွေ စတင်နေခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယရအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ဟာဇက်ကို ခေါ်ယူလိုက်နိုင်တာက မက်ဒရစ်အသင်းကို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။

ဟတ်ဆန်အိုဒွိုင်း

ဟာဇက် ထွက်ခွာသွားပြီဖြစ်တာကြောင့် အိုဒွိုင်းရဲ့ စီနီယာပွဲထွက်ခွင့် ပိုရလာဖို့ရှိပြီး သူ့ကို ချယ်ဆီးအသင်းက ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ နဲ့အတူ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း စာချုပ်နဲ့ ဆွဲဆောင်နေခဲ့ပါပြီ။

ဇီဒန်း

ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦးဖြစ်သူ ဟာဇက်လို ကစားသမား ပိုင်ဆိုင်ခဲ့ခြင်းကလည်း ဇီဒန်းအတွက် ရာသီသစ်မှာ အများကြီး ဘဝင်ကျစရာ ဖြစ်လာခဲ့ပါပြီ။

ရီးရဲလ်မက်ဒရစ် တိုက်စစ်သမားများ

ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်လျှောက်မှာ ရီးရဲယ်မက်ဒရစ် တိုက်စစ်သမားတွေက ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၇ ဂိုးပဲ ရရှိခဲ့ပြီး တိုက်စစ်ပိုင်းက မိနစ် ၄၀၀ ကြာ စံချိန်တင် ဂိုးပေါက်ပျောက်ဆုံးမှုတောင် ရှိခဲ့ရသေးတာပါ။ အခုချိန်မှာ ရီးရဲလ်ရဲ့ တိုက်စစ်ကို ဦးဆောင်မယ့် ဟာဇက်နဲ့ တိုက်စစ်မှူးသစ် ဂျိုဗစ်တို့ ရောက်လာခြင်းက ရီးရဲလ်တိုကပ်စစ်အတွက် အကျိုးကြီးတွေမြင်ရဖို့ ရှိနေပါတယ်။