နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် နယ်သာလန်က တိုးတက်နေတဲ့ အသင်းဖြစ်ပြီး အနာဂတ်မှာ ဒါကို သေချာအောင် လုပ်ရပါမယ်လို့ ဆိုခဲ့ပါတယ်။

ဗန်ဒိုက်က “ ဗိုလ်လုပွဲကို အရေးနိမ့်ပေမယ့် နယ်သာလန်အသင်းရဲ့ တိုးတက်မှုကို ရပ်တန့်စေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းတစ်သင်း အနေနဲ့ ခြေလှမ်းကြီးတွေ လှမ်းနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း ဒီအတိုင်း ဆက်လုပ် သွားရမှာပါ။ ကိုယ်ဘာသာလည်း ဂုဏ်ယူရပါမယ်။

ဖိုင်နယ်မှာ အနိုင်မရတာအတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ပေါ်တူဂီကိုလည်း ကျွန်တော်တို့ ဂုဏ်ပြုရမှာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။ အခု စိတ်ပျက်နေရပေမယ့် ကျွန်တော်တို့ ဆက်လက် ခေါင်းမော့ ထားရမှာပါ။ ကောင်းမွန်တဲ့ အားလပ်ရက် ကာလကို ဖြတ်သန်း ပြီးရင်တော့ ကျွန်တော်တို့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အတွက် အဆင်သင့် ဖြစ်နေရပါမယ်။

ကျွန်တော့် အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြစ်ခဲ့တယ်။ နောက်ရာသီမှာ ဒီထက် ပိုကောင်းဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ဒါဟာ ကျွန်တော် ပစ်မှတ် ထားနေတဲ့ အရာ ဖြစ်ပြီး ဒါဟာ ကိုယ်လုပ် ရမယ့် တစ်ခု တည်းသော အရာ ဖြစ်ပါတယ် ” လို့ ဆိုသွားပါတယ်။

၂၀၁၈ ကမ္ဘာဖလားကို ခြေစစ်ပွဲမအောင်ခဲ့တဲ့ နယ်သာလန်ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ခြေစစ်ပွဲအောင်ဖို့ ရည်မှန်းနေတဲ့ အသင်းလည်းဖြစ်ပါတယ်။