ရီးရဲလ်မက်ဒရစ်ဟာ လူကာဂျိုဗစ်၊ ဟာဇက်တို့ကို ခေါ်ယူပြီး ဖြစ်ပေမယ့် နောက်ဆုံးအပြောင်းအရွှေ့အဖြစ် မန်ယူအသင်းမှ ပေါ့ဘာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ ပေါ့ဘာကိုယ်တိုင်ကလည်း ရီးရဲလ်ကို ပြောင်းရွှေ့ချင်နေတာပါ။ ဒါပေမဲ့ ပေါ့ဘာဟာ မန်ယူရဲ့ အဓိက ကစားသမားတစ်ဦးမို့ ရီးရဲလ်အနေနဲ့ ပြောင်းရွှေ့ကြေးများစွာ အသုံးပြုရဖွယ် ရှိနေတာပါ။

အခုတော့ မန်ယူကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ချင်နေတဲ့ ပေါ့ဘာကို ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး အဲ့ဒီကရတဲ့ အသုံးစရိတ်နဲ့ ကစားသမားတချို့ ပြန်လည် အားဖြည့်သွားရန် ကြံရွယ်နေပါတယ်။

မန်ယူအသင်းဟာ ပေါ့ဘာနေရာ အစားထိုးဖို့အတွက် ဈေးကွက်ထဲမှာ ကစားသမား ၂ ယောက်ကို ချိန်ရွယ်နေတာပါ။ အဲ့ဒီထဲက တစ်ယောက် ကတော့ သိပ်မကြာသေးခင်က အသင်းကနေ ထွက်ခွါဖို့ အရိပ်အမြွက် ပြောဆိုခဲ့တဲ့ စပါး ကွင်းလယ်ကစားသမား အဲရစ်ဆင်ပဲ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းရဲ့အဓ်က ကစားသမားတစ်ဦးဖြစ်သလို ဖန်တီးမှုအားမြင့်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စပါးအသင်းနဲ့အတူ ဖလားလက်မဲ့ရာသီတွေ ဖြတ်သန်းရပြီးနောက် သူဟာ အနာဂတ်ကို ပြန်စဉ်းစားနေပြီး အသင်းပြောင်းဖို့ ဆန္ဒရှိနေတာပါ။ တစ်ခုရှိတာက ရီးရဲလ်ကလည်း သူ့ကို စိတ်ဝင်စားဟန် ပြသနေပါတယ်။

နောက်တစ်ယောက်ကတော့ လက်စတာကစားသမား တိုင်လီမန်းပါ။ တိုင်လီမန်းဟာ မိုနာကိုကနေ လက်စတာမှာ အငှားလာကစားပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာပါ။

တိုင်လီမန်းက အသက်ငယ်ရွယ်သေးသူမို့ သူ့မှာ အလားအလာကောင်းတွေ ရှိနေတယ်လို့ မန်ယူအသင်းကလည်း ယူဆ နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရတော့ မန်ယူအသင်းဟာ ဈေးကွက်အတွင်းမှာ လှုပ်ရှားနေဆဲပါ။ ဒီနှစ်မှာ မန်ယူအသင်းပစ်မှတ်ထားနေတဲ့ ကစားသမား များစွာတော့ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့ဟာ ဒန်နီရယ်ဂျိမ်းစ်တစ်ဦးတည်းကိုပဲ ခေါ်ယူနိုင်သေးတာပဲ ဖြစ်ပါတယ်။