ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဆွီဒင်နဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ခုံမှာ ရှိနေခဲ့သူ စပိန်အသင်းဖော်ဂိုးသမား ဒီဂီယာရဲ့ ခံစားချက်ကို နားလည်ကြောင်း စာနာဖေးမစကားကို ဂိုးသမား ကီပါက ထုတ်ပြောလာပါတယ်။

မနှစ်ကရာသီ မန်ယူအသင်းမှာ အမှားများခဲ့တဲ့ ဒီဂီယာဟာ စပိန်လက်ရွေးစင်အသင်းမှာ ပွဲထွက်ခွင့်တွေ ဖယ်ထုတ်ခံထားရပြီး ကီပါက ပွဲထွက်ခွင့်ရနေတာ ဖြစ်တယ်။ ဒီဂီယာနဲ့ ပက်သက်ပြီး ကီပါကတော့ အခုလို ဆိုပါတယ်။

ကီပါက ” ကလပ်မှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံတွေကို ထိန်းသိမ်းနိုင်ခဲ့လို့ နည်းပြရဲ့ ယုံကြည်မှုကို ရရှိခဲ့တာပါ။ ကျွန်တော်တို့အားလုံးက အတူတူလေ့ကျင့်ခဲ့ကြပြီး နည်းပြက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ ပွဲထွက်ကစားသမားနေရာက ဘယ်သူပဲဖြစ်ဖြစ် အကောင်းဆုံးကစားနိုင်မှာပါ။

ဒေးဗစ် စိတ်မကောင်းဖြစ်နေမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒီအတွက် အကောင်းဆုံးတုံ့ပြန်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။

လိုပက် အပါအဝင် ကျွန်တော်တို့တွေ အတူတကွ အကြိမ်များစွာ လေ့ကျင့်ခဲ့ကြတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ကူညီလိုကြပါတယ်။

အသင်းအတွက် ဂိုးသမား ၃ ဦးရွေးချယ်ခဲ့ပြီး ကျွန်တော့်ကို ကစားခွင့်ပေးတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကူညီပေးသွားမှာပါ” လို့ ဆိုပါတယ်။