မန်ယူဟာ အင်တာမီလန်အသင်းရဲ့ လူကာကူ အတွက် ငွေသားအပြင် တောင်ပံသမား ပါရီဆစ်ကိုပါ အလိုက်ပေးတဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ ဒီအပြောင်းအရွှေ့မှာတင် အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပြီး ၄င်းကို ချဲလ်ဆီးနည်းပြ ဘ၀ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကွန်တီက အခု အင်တာမီလန်နည်းပြ ဖြစ်လာပြီးနောက် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အီတလီသတင်းတွေရဲ့ ဖော်ပြမှုအရ ကွန်တီဟာ စီးရီးအေနည်းပြအဖြစ် ပထမဆုံး ခေါ်ယူမှုလုပ်ဖို့ လူကာကူကို ကမ်းလှမ်းခဲ့တယ်လို့ သိရတယ်။ မန်ယူဘက်ကတော့ အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ကစားသမားကို ခေါ်ယူခဲ့စဉ် ပေးချေခဲ့ရတဲ့ ပေါင် ၇၅ သန်းကို ငွေကြေးဖြင့် ပြန်လိုချင်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် လူကာကူ ထက်စာရင် ရက်ရှ်ဖို့ဒ်က ဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ပိုမိုရရှိခဲ့ပြီး လူကာကူကလည်း ၃၃ ပွဲ မှာ ၁၀ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဆိုးရှားက အသင်းကို လူငယ်ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းလိုနေပြီး စီနီယာအသင်းမှ ကစားသမား အများအပြားကို ရောင်းချဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။