တော်ရဲရားဟာ ပြီးခဲ့တဲ့ နွေကမှ အာဆင်နယ်အသင်းသို့ ရောက်ရှိလာသူ ဖြစ်သော်လည်း အသင်းရဲ့ အဓိက ပွဲထွက် ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှု ခံယူနေရသူ ဖြစ်ပါတယ်။

တော်ရဲရားဟာ ဆမ်ဒိုရီးယားအသင်းကနေ သူ လုံးဝ မကျင်လည်ဖူးသေးတဲ့ ပရီးမီးယားလိဂ်မှာ လာရောက် ကစားခဲ့ရပေမယ့်လည်း အာဆင်နယ်ကစားဟန်နဲ့ အံ့ဝင်ခွင့်ကျမှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ အကောင်းဆုံးခေါ်ယူမှုထဲမှာ ပါဝင်ခဲ့သူပါ။ ဥရုဂွေးသား တော်ရဲရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိကို ပါဝင်ကစားပေးနိုင်ခဲ့ပြီးတော့ ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ၅ဂိုး အထိ ဖန်တီးပေးထားခဲ့ပါတယ်။

တော်ရဲရားဟာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းနီးပါးကို ပါဝင်ကစားခွင့်ရခဲ့ပြီး ပါဝင်တဲ့ပွဲတိုင်းမှာ ကွင်းလယ်ပိုင်းကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကစားပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီတလောမှာပဲ တော်ရဲရားကို စီးရီးအေကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းကနေ အီတလီမြေကို ပြန်လည် ခေါ်ဆောင်သွားဖို့ ကြိုးစားလာခဲ့ပါတယ်။

တကယ်တော့ အေစီမီလန်ဟာ ယခင်တုန်းက တော်ရဲရားကို ခေါ်ယူသွားဖို့ အစီအစဉ်မ ရှိခဲ့ပေမယ့်လည်း လက်ရှိ နည်းပြ အပြောင်းအလဲ တွေကြောင့် တော်ရဲရားကို ခေါ်ယူချင်လာခဲ့တာဖြစ်ပါတယ်။

မီလန်အသင်းဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအကုန်မှာပဲ နည်းပြဂတ်တူဆိုနဲ့ လမ်းခွဲထားခဲ့တာကြောင့် သူ့နေရာအတွက် ဆမ်ဒိုရီးယားနည်းပြ ဂီယန်ပေါ်လိုနဲ့ အစားထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အခုဆို ဂီယန်ပေါ်လိုကို နည်းပြအသစ် ခန့်အပ်ဖို့က သေချာသလောက်ကို ရှိနေပြီဖြစ်လို့ ဂီယန်ပေါ်လိုရဲ့ တပည့်ဟောင်းဖြစ်ခဲ့ဖူးတဲ့ တော်ရဲရားကို အသင်းဆီ ခေါ်ဆောင်သွားချင်တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ကတ်ဆီးကိုလည်း အသင်းကနေ ရောင်းချသွားဖို့က သေချာနေတာကြောင့် သူ့နေရာ အတွက် တော်ရဲရားကို အလိုရှိနေတာဖြစ်ပါတယ်။

ဒါဟာ အာဆင်နယ်အသင်းအတွက်တော့ စိုးရိမ်စရာ ဖြစ်လာနိုင်သလို အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်နေတဲ့ ဆမ်ဒိုရီးယား အသင်းဖော်နှ စ်ယောက်ဖြစ်တဲ့ အန်ဒါဆင်နဲ့ ပါရတ်တို့ကိုလည်း ဂီယန်ပေါ်လိုက အေစီမီလန်အသင်းဆီကို ခေါ်ဆောင်သွားဖွယ်ရှိနေတာကြောင့် အာဆင်နယ် အတွက် တကယ်ကို အကြပ်အတည်း ဖြစ်သွားစေနိုင်ပါတယ်ခင်ဗျာ။