ချဲလ်ဆီးအသင်းမှာ ရှိစဉ် နည်းပြ ဆာရီနဲ့ အဆင်မပြေမှုများ ရှိခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ ဆာရီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ နည်းပြဆာရီ ရောက်လာပြီးနောက် ချဲလ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရတော့ဘဲ ပြီးခဲ့တဲ့ ဇန်န၀ါရီကမှ ပြင်သစ်လီဂူးကလပ် မိုနာကို အသင်းထံ ပြောင်းရွှေ့သွားခဲ့သူပါ။

ဆာရီဟာ ပြီးခဲ့တဲ့နွေရာသီမှာ နာပိုလီအသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး နာပိုလီမှ တပည့်ရင်း ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုကိုပါ ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) ဖြင့် တစ်ပါတည်း ခေါ်ယူလာခဲ့ပါတယ်။ အဲဒီနောက် ဖာဘရီဂတ်စ် ပွဲထွက် ကစားခွင့် ပျောက်ဆုံးခဲ့သလို ကန်တေကလည်း သူ့ရဲ့ ပုံမှန်ကစားနေကျ မဟုတ်တဲ့နေရာမှာ တစ်ရာသီလုံး ကစားခဲ့ရပါတယ်။

ဖာဘရီဂတ်စ်က – “ဆာရီဟာ အရမ်းကို အယူသီး ခေါင်းလည်း အရမ်းမာတဲ့ လူစားမျိုးပါ။ သူက သူ့ကိုယ်ပိုင် အိုင်ဒီယာကနေ နည်းနည်းလေး တောင် ခွဲမထွက်ချင်တဲ့ နည်းပြမျိုး။ သူ ကစားစေချင်တဲ့ပုံစံအတိုင်းပဲ တသွေမတိမ်း ကစားစေချင်ပြီး ခင်ဗျား သူ့ကိုဘာပြောပြော၊ ဘယ်လို အကြံပေးပေး သူက အပြောင်းအလဲမလုပ်ပါဘူး။ ”

“သူ ကြိုက်တာ သူလုပ်ပြီး နောက်ဆုံးမှာတော့သူက သူနဲ့ ထိုက်တန်တာကိုပဲ ရခဲ့တာကြောင့် ဒါကို လေးစားမှုထားဖို့ပဲ ရှိပါတယ်။” လို့ ဝေဖန်ပြောကြား သွားခဲ့ပါတယ်။

ချယ်ဆီးအသင်း အတွက် ယူရိုပါလိဂ် ဖလား ယူခဲ့ပေးပေမယ့်လည်း ဆာရီရဲ့ နည်းဗျူဟာတွေ အသင်းကို ကိုင်တွယ်ပုံတွေကိ အသင်း ပရိသတ်တွေတွေရော ချယ်ဆီးအသင်း တာဝန်ရှိသူတွေကပါ နှစ်ခြိုက်မှု မရှိဘဲ ဒီနွေမှာ လမ်းခွဲမယ့် အလားအလာတွေ ရှိနေခဲ့ပါပြီ။

ဆာရီက အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေကာ ချဲလ်ဆီးကစားသမားဟောင်း လက်ရှိ ဒါဘီအသင်းကို ကိုင်တွယ်နေတဲ့ လမ်းပတ်က ချဲလ်ဆီးနည်းပြ ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လမ်းပတ်နဲ့ပတ်သက်ပြီး ဖာဘရီဂတ်စ်က – ” လမ်းပတ် က ဒါဘီမှာ သူ လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ပြခဲ့ပြီးပြီလို့ ထင်ပါတယ်။ သူက တော်တော်များများကို အပြောင်းအလဲလုပ်ခဲ့ပြီး ခက်ခဲတဲ့ကစားသမားစာရင်းရှိခဲ့သလို စာချုပ်သက်တမ်း နောက်ဆုံးအချိန်ကာလကို ရောက်ရှိနေတဲ့ ကစားသမားတွေကို စာချုပ်သစ်ထပ်ချုပ်ခဲ့ပါတယ်။”

” နောက်ပြီး လူငယ်ကစားသမားတွေကိုလည်း သူအသင်းကို ခေါ်ခဲ့တယ်။ သူက တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်နဲ့ တိုက်စစ် ကစားဟန်ကို ပုံသွင်းခဲ့ပြီး သူ့ရဲ့ ပထမဆုံးအလုပ်မှာပဲ အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ချီးကျူး စကား ဆိုလိုက်ပါတယ်။