မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြယ်ပွင့်ကစားသမား ဂျေဆီလင်ဂတ်ကို လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

လင်ဂတ်ရဲ့ လက်ရှိ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ် နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားက အသက် ၂၆ နှစ် အရွယ် ကစားသမားကို အိုးထရက်ဖို့ဒ်မှာ ကာလရှည် ဆက်ရှိနေစေရန် စိတ်အားထက်သန်နေပါတယ်။ လင်ဂတ်ရဲ့ စာချုပ်သစ်မှာ ၄င်းရဲ့ လစာမှာ တစ်ပတ် ပေါင် ၁ သိန်းမှ ၁ သိန်း ၃ သောင်းအထိ မြင့်တက်သွားဖွယ် ရှိတယ်လို့ သတင်းများမှာ ဖော်ပြနေပါတယ်။

မန်ယူ အကယ်ဒမီ ထွက်ကစားသမားဖြစ်တဲ့ လင်ဂတ်က အသင်း အတွက် ပြိုင်ပွဲစုံ ၁၆၇ ပွဲကစားထားပြီး ၂၉ ဂိုးသွင်းကာ ၁၈ ဂိုး ဖန်တီး ပေးထားပါတယ်။ ဆိုးလ်ရှားက လင်ဂတ်ဟာ လာမယ့် ဘောလုံးရာသီမှာ မန်ယူရဲ့ အရေးကြီးတဲ့ ကစားသမား ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

လင်ဂတ်က မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ အက်ဖ်အေဖလား၊ ယူရိုပါလိဂ် နှင့် ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးရရှိထားခဲ့ပြီး လာမယ့်ရာသီမှာ အသင်းအတွက် ဘယ်လို ပါဝင်မှုကောင်းတွေ ပြုလုပ်ပေးနိုင်မလဲ စောင့်ကြည့်ရဦးမှာပါ။

လက်ရှိ အချိန်မှာတော့ ကလပ်ပွဲတွေ ပြီးဆုံးသွားပေမယ့် လင်ဂတ်က အင်္ဂလန်လက်ရွေးစင်အသင်း နဲ့ အတူ နိုင်ငံပွဲစဉ်များ ပါဝင် ကစားနေပါတယ်။ ဟော်လန် နှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၄င်းရဲ့ သွင်းဂိုးမှာ လူကျွံနေသောကြောင့် ဂိုးအဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ဘဲ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ၃-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ လင်ဂတ်က မန်ယူအသင်းအတွက် ၄ ဂိုးသာ သွင်းထားနိုင်ပြီး သြဂုတ်လတွင် စတင်မယ့် ဘောလုံး ရာသီသစ်မှာ အခုထက် ပို ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်စရာ ရှိပါတယ်။