လီဗာပူးအသင်းဟာ ကွင်းလယ်လူ ချိန်ဘာလိန်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ကိစ္စ အဆင်ပြေတော့မှာ ဖြစ်ပါတယ်။ မနှစ်ကရာသီ တစ်ခုလုံးကို ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ အင်္ဂလန်သားကို လီဗာပူးက မူလက ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိရာက ၂၀၂၃ ခုနှစ်ထိ အသစ် ချုပ်ဆိုသွားမှာပါ။

ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်းဟာ ရွှေ ၂၄ ကာရက်နဲ့ ကိုယ်ပိုင် ဒီဇိုင်းပြုလုပ်ထားတဲ့ iPhone XS Cover များ လက်ဆောင် ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းပေါ်မှာ ကစားသမား အမည်နဲ့ ကျောနံပါတ်များ၊ ချန်ပီယံလိဂ် လိုဂိုများ ပါဝင်ပါတယ်။

လီဗာပူးအသင်းဟာ ယူနိုက်တက်၊ စပါးတို့နဲ့ အပြိုင် စပို့တင်း လစ္စဘွန်းမှ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူရန် ကြိုးစားလာပါတယ်။ ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ လာရောက်လိုနေပြီး ဘယ်ကလပ်သင်းလည်း ရွေးချယ်မှု မရှိသေးပါဘူး။

ဘွန်ဒက်လီဂါ ကလပ် လိုက်ဇစ်အသင်းမှ တိုက်စစ်မှူး တီမိုဝါနာကို ဘိုင်ယန်မြူးနစ်က ဒီနွေမှာ ခေါ်ယူခြင်းထက် ဇန်နဝါရီမှာ အကြို သဘောတူညီမှု ရယူဖို့ ရည်ရွယ်လာပါတယ်။ ဇန်နဝါရီမှာတော့ ဂျာမနီပြင်ပကလပ်တွေ ဝင်ရောက်ကမ်းလှမ်းခွင့် ရမှာဖြစ်ပြီး လီဗာပူးကလည်း ခေါ်ယူသွားနိုင်ပါတယ်။

လီဗာပူး ခံစစ်မှူး လိုဗရန်ကို အေစီမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းဘက်ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ရရင် ခရိုအေးရှားသားကို ရောင်းချလိုနေပါတယ်။

လိုဗရန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ ဒဏ်ရာပြဿနာကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရပြီး ၄င်းရဲ့နေရာမှာ မာတစ်က ဗန်ဒိုက်နဲ့ တွဲဖက် ခြေစွမ်းပြနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်နည်းပါးနေပါတယ်။ အီတလီ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဒီမာဇီယိုကတော့ လိုဗရန်ကို စီးရီးအေ အသင်း အချို့ကအပြိုင်ပစ်မှတ်ထားနေတယ် လို့ ပြောဆိုထားပါတယ်။

လီဗာပူး အခြေစိုက်သတင်းများက လီဗာပူးအသင်းဟာ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီကို ခေါ်ယူမှာ မဟုတ်ဘူး ဆိုနေကြပေမယ့် ပြင်သစ်က သတင်းများအရတော့ လီဗာပူးဘက်က ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း ဖော်ပြနေပါတယ်။ ပီပီကို မန်ယူအပါအ၀င် ဥရောပ ကလပ်အသင်း တော်တော်များများက မျက်စိကျနေကြတာပါ။

ပရီးမီးယားလိဂ် ပွဲစဉ်များ တရားဝင် မကြေငြာခင် တစ်ရက်အလို ဒီနေ့မှာပဲ ဘောလုံးရာသီ အဖွင့် သီတင်းပတ်ရဲ့ ပွဲစဉ်များ ဆိုရှယ်မီဒီယာမှာ ပေါက်ကြားလာခဲ့ပါတယ်။ ထို ပွဲစဉ်ဇယား စာရွက်အရတော့ လီဗာပူးအသင်းဟာ ဘန်လေနဲ့ ပွဲဦးထွက် တွေ့ဆုံမှာပါ။ တရားဝင် ပွဲစဉ်ဇယားကိုတော့ မနက်ဖြန်ကြာသပတေးနေ့မှာ ကြေငြာမှာ ဖြစ်ပါတယ်။